ဖားကန့် မြို့နယ် တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ ဘက်တွင် အာဏာသိမ်း စစ်တပ် နှင့် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၂၀ တို့ ယနေ့ မတ်လ ၃၀ ရက် နေ့ နံနက်၁၀ နာရီခွဲချိန်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။
တနိုင်းလီဒိုလမ်းမ ဒွမ်ဘန်ရွာ အောက်ဘက်သို့ ဆင်းလာသည့် အာဏာသိမ်း စစ်တပ်မှ စစ်သား ၆၆ ဦး ပါဝင်သည့် စစ်ကြောင်းကို KIA တပ်မဟာ ၂ တပ်ရင်း ၂၀ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
၎င်းစစ်ကြောင်းသည် ဒွမ်ဘန်ရွာ မှ လဝါးရွာဘက်သို့ ခြေလျင်ဖြင့် ဆင်းလာချိန် ဒွမ်ဘန်ရွာအောက် ငါးကန် ( Nga Nawng) နေရာတွင် KIA တပ်ဖွဲ့ ကပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” နှစ်ဖက်တပ်ကနေ ပစ်ခတ်တာက မိနစ် ၂၀ လောက် အသံတွေကြားနေရတယ် ပြီးတော့ သူတို့ဘာသာပစ်နေတာ တစ်လမ်းလုံး လည်း ပစ်ပြီးဆက်သွားနေတာ အခု လဝါး ကျော်ပြီး မြစ်ကြီးနားဘက်ကို ဆင်းလာတာထင်တယ်လို့ “ ဟု ပြောသည်။
စစ်ကောင်စီ စစ်တပ်မှ စစ်ကြောင်းသည် ဒွမ်ဘန်ရွာမှ အမျိုးသားတစ်ဦး ကိုလည်း ခေါ်ဆောင်သွားခဲ့ သော်လည်း ပြန်လည်လွတ် မြောက်ခဲ့ကြောင်းသိရသည်။







