ဆန္ဒပြသူများကို ရဲနှင့် စစ်သားများ ပိတ်ဆို့ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျဆုံး

ဆန္ဒပြသူများကို ရဲနှင့် စစ်သားများ ပိတ်ဆို့ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျဆုံး

မြစ်ကြီးနားမြို့ မတ်လ ၃၀ ရက်နေ့ သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အရပ်ဝတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြ ပြည်သူ ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နံနက် ၁၁ နာရီခန့် ရမ်ပူရပ်ကွက်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ခံတပ်ဆောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်သားနှင့် ရဲများက ကျည်အစစ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့ စတင်ဖြိုခွဲချိန်မှာ ပြည်သူတွေကထိုင်နေကြတယ်။ အဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးပေါ်က အရပ်ဝတ်နဲ့ လူ၂ယောက်က ဝင်ပစ်သွားတယ်။ အဲ့တစ်ချိန်တည်းမှာဘဲစစ်တပ်ကရောက်လာပြီး အဲ့နေရာကိုဘဲ သူတို့က ဝိုင်းထားခဲ့တယ်။ နာရေးကူညီမူအသင်းက ကား၂စီးပြန်လာတယ်။ ဝင်ခွင့်လည်း ပြန်မပေးဘူး။ ပိတ်ထားတယ်။ ပြီးရင် ဘေးနာမှာကြည့်နေတဲ့သူတွေကိုလည်း အကြည့်မခံဘူး။ ပြည်သူတွေကို ဖြိုခွင်းတယ်။ ပစ်တာက အရပ်ဝတ်နဲ့လူတွေဘဲ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောဆိုသည်။

အရပ်ဝတ်နှင့် စစ်သားများ ၊ ရဲများ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၂၃နှစ်အရွယ် ကိုမျိုးမင်းသူ ဖြစ်သည်။ သူ၏ ရင်ဘတ်အလယ်တွင် ကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဦးမှာ လက်မောင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ရဲနှင့်စစ်သားများပစ်ခတ်ခဲ့သည့် နေရာမှာ ရမ်ပူရပ်ကွက် နယ်မြေ ၁၃ ဖြစ်ပြီး၊ နေ့လယ် ၁နာရီခန့်အချိန်တွင် နယ်မြေ ၁၄ ရှိ လူနေအိမ်တစ်လုံး၊ ကုန်စုံဆိုင်တစ်ခုနှင့် ဆိုင်ကယ်ဝေါ့ရှောပ့်တစ်ခုကို အာဏာသိမ်းစစ်တပ်အောက်ရှိ ရဲများက မီးရှို့ခဲ့ကြောင်း မျက်မြင်ပြည်သူများ ပြောသည်။

“ရဲတွေရောက်လာပြီး အနီမှာရှိတဲ့ ဆိုင်ကယ်က ဆီထုတ်ပြီး ရိူ့ပေးလိုက်တာဖြစ်တယ်။ ပြည်သူတွေပြန်လာတဲ့အခါ ပြည်သူတွေရိူ့လိုက်တာလို့  ပြန်ပြေးပြီးအော်သွားတယ်”ဟု ဆိုသည်။

ထို့နောက် ရမ်ပူရပ်ကွက်အတွင်း လူနေအိမ်များကိုလည်း ကျည်အစစ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် နေအိမ်အချို့ ပျက်စီးခဲ့သည်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေချိန်တစ်ဆက်တည်း ပြည်သူများက တပ်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက် လမ်းမကြီးပေါ်တွင် ခုခံတပ်များဖြင့် ဆက်လက်ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သောပြည်သူများကို စစ်တပ်က ပစ်သတ်သဖြင့် သေဆုံးသူ ၁၀ ဦးခန့် ရှိပြီ ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...