ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ် စစ်တပ်၏ စခန်းကို KIA က တိုက်ခိုက်

ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ် စစ်တပ်၏ စခန်းကို KIA က တိုက်ခိုက်

အာဏာသိမ်းမှုကိုဆန့်ကျင်သော ပြည်သူလူထုကို စစ်တပ်က ပစ်သတ်မှုများလုပ်ဆောင်လာပြီးနောက် ကချင်ပြည်နယ်အနောက်ဘက်ရှိ မြန်မာစစ်တပ် တပ်စခန်းအချို့ကို မတ်လ ၁၁ ရက်နေ့မှစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။

KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ နယ်မြေ ဆယ်ဇင်းကျေးရွာအနီးတွင် တပ်စွဲထားသော မြန်မာစစ်တပ်စခန်းတစ်ခုကို ယနေ့ နံနက် ၃ နာရီခန့်တွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“မနက် ၃ နာရီကျော်လောက်ကတည်းက အသံတွေကြားနေတာ။ မနက်သွားကြည့်တော့ တပ်တစ်ခုလုံး ဘာမှ မရှိတော့ဘူး။ မီးတွေလောင်နေပြီး အားလုံးပြာကျနေပြီ။ တချို့တွေ့လိုက်တဲ့သူတွေပြောတာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ‘သွေးစီပြီညီနောင်အပေါင်းတို့’  သီချင်းဆိုပြပြီး လက်သုံးချောင်းထောင်ပြသွားတယ်လို့ ပြောကြတယ်။ မနက် ၅ နာရီလောက်တော့ ပြန်ထွက်သွားတယ်ပြောတယ်။ အခု ဆယ်ဇင်းမှာ ဘာမှ မရှိတော့ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးပြောသည်။

ပစ်ခတ်မှုတွင် မြန်မာစစ်တပ်ဘက် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး၊ အချို့မှာ ထွက်ပြေးသွားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ယခုလိုပြောသည်။

“ကျနော်တို့ အစကတည်းက လက်ရှိဖြစ်နေတဲ့အခြေအနေကို အကြမ်းဖက်တဲ့ နည်းနဲ့ မဖြေရှင်းဖို့ တောက်လျှောက်ပြောနေတာဖြစ်တယ်။ ဒါပေမယ့် ဒီဗမာစစ်သားတွေက ပြည်သူတွေကို လက်နက်နဲ့ ပစ်တယ်။ ဒီလိုလုပ်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ဘူး။ ဒီမိုကရေစီနည်းလမ်းမကျဘူး။ ဒါကြောင့် ပြည်သူတွေကိုလည်းပြောချင်တယ် ကြောက်စရာမလိုဘူး။ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ကို တစ်စိုက်မတ်တ်ဘဲ ဆက်လုပ်ဆောင်ကြပါလို့ ပြောချင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆယ်ဇင်းမြန်မာစစ်တပ်စခန်းကို KIA က တိုက်ခိုက်ဖျက်စီးလိုက်ပြီးနောက် KIA တပ်ရင်း ၂၆ ဘက်သို့ မြန်မာစစ်တပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဆက်ပြောသည်။

လက်ရှိအချိန်ထိ ဆယ်ဇင်းကျေးရွာနှင့် တာမခံကျေးရွာကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...