တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်း

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်း

ဇော်ဝင်းဌေး - လာမည့်တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား  စိစစ်အတည်ပြုနိုင်ရန်အတွက် စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ(၂)တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက နိရဥ္စရာကို ပြောသည်။

“ ပြည်နယ်တော်လွှတ်တော်ဆိုင်ရာ ဥပဒေအတိုင်းဖွဲ့စည်းတာပါ။  လွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အတည်မပြုမီမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကို ဖွဲ့စည်းရတယ်။ အဲဒီစိစစ်ရေးကော်မတီကပဲ လွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အတည်ပြုတာပါ။ စိစစ်လို့ မှန်ကန်ရင် လွှတ်တော်ခန်းမထဲကို ဝင်ခွင့်ရှိမယ် ” ဟု ၎င်းက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့တွင် ဥက္ကဋ္ဌ ၁ ဦး၊ အတွင်းရေးမှူး ၁ ဦးနှင့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ကော်မတီဝင် ၅ ဦးပါဝင်သော်လည်း ၎င်းတို့ ၅ ဦးမှာ မည်သူမည်ဝါဖြစ်သည်ဟုဆိုသည်ကို လောလောဆယ် ထုတ်ဖော်မပြောနိုင်သေးဟုလည်း ဆိုသည်။

အဆိုပါအဖွဲ့၏ သက်တမ်းမှာ တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်းသည်အထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် လာမည့် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် စိစစ်အတည်ပြုမည်ဖြစ်ပြီး ၎င်းတို့အတည်ပြုလိုက်သည့်လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ရက်နေ့စတင်မည့် တတိယအကြိမ်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိကြမည်ဖြစ်သည်။

အဆိုပါအဖွဲ့ဖွဲ့စည်းသည့်အစည်းအဝေးသို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်စိုး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်၊ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အနိုင်ရရှိခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သာနို့နှင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင်ပါဝင်မည့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ဝင်းဗိုလ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တာ်

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...