ဖမ်းဆီးခံရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးကိုရုံးမထုတ်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သဖြင့် မိသားစုဝင်များစိုးရိမ်

ဖမ်းဆီးခံရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးကိုရုံးမထုတ်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သဖြင့် မိသားစုဝင်များစိုးရိမ်

ထွန်းခိုင် — အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှ ကျောင်းသား ၄ ဦး၏ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါကျောင်းသားများကို ယနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိခဲ့ဘဲ ဖေဖော်ဝါရီလ (၅) ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ထောင်ထဲမှာရှိတဲ့ တရားခံတွေကို ကိုဗစ်ကာလအတွင်းမှာ ကိုဗစ်ရောဂါကြောင့် တစ်ယောက်ကိုမှ ရုံးမထုတ်ဘူး။ အခုထိတော့ ထောင်ထဲမှာရှိတဲ့ တရားခံတွေ၊ အချုပ်တရားခံတွေကို ဘယ်တရားခံကိုမှ လောလောဆယ်ထုတ်ပြီးတော့ စစ်တာမရှိသေးပါဘူး။ ” ဟု ၄င်းက ပြောသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရက္ခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းသားများအား ရုံးထုတ်စစ်ဆေးခြင်းမရှိသည့်အပြင် ထောင်ဝင်စာလည်း တွေ့ခွင့်မရသည့်အတွက် အလွန်စိုးရိမ်မိကြောင်း ကိုဦးသန်းနိုင်၏ ဖခင်ဖြစ်သူ ဦးမောင်အေးထွန်းက ပြောသည်။

“ ထောင်ထဲကိုရောက်သွားတဲ့အတွက် မိဘတစ်ယောက်အနေနဲ့ စိုးရိမ်မှုတွေတော့ အများကြီးရှိတယ်။ ဘယ်လိုစားသောက်ရသလဲ၊ ကျန်းမာရေးတွေက ဘယ်လိုရှိသလဲ၊ အဆက်သွယ်ကလည်း မရဘူး။တွေ့ခွင့်လည်းမရဘူး။ မိဘအနေနဲ့ ဘယ်လိုခံစားရလဲဆိုတော့ ရင်ထဲမှာအသည်းနှလုံးမရှိသလို့ခံစားရတယ်။” ဟု ပြောသည်။

၄င်းတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁ဝဝ ခန့်နှင့်အတူ စစ်တွေမြို့လမ်းမများပေါ်တွင် အစိုးရအား အလိုမရှိ၊ လူသတ် စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ် အစိုးရတို့ကို အလိုမရှိစသည့် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

၄င်းတို့ ၄ ဦးကို အစိုးရအား ဆန့်ကျင်ဆန္ဒပြသည့်အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...