တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်အပေါ်မူတည်ပြီး ရခိုင် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေး အစိုးရနှင့် UEC ဆုံးဖြတ်မည်

တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်အပေါ်မူတည်ပြီး ရခိုင် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေး အစိုးရနှင့် UEC ဆုံးဖြတ်မည်

ဇော်ဝင်းဌေး — တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဆွေးနွေးရာမှထွက်ပေါ်လာမည့် အချက်အလက်များ အပေါ်တွင် မူတည်ပြီး ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခု ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) တို့ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ တိုက်ပွဲဖြစ်နေတာထက် ဆွေးနွေးနေကြတာ ကောင်းမွန်တဲ့ အလားအလာဖြစ်သလို တပ်မတော်နဲ့ AA တို့ ဆွေးနွေးရာမှ ထွက်ပေါ်လာမယ့် အချက်အလက်များအပေါ်တွင်မူတည်ပြီး ရခိုင်ကကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရတို့က ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) တို့ မည်သည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပရေးကို ဆုံးဖြတ်ကြပါမလဲဟု မေးမြန်းရာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဆွေးနွေးရာမှ ထွက်ပေါ်လာမည့် အချက်အလက်များပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

“ အဓိကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိ ဥပဒေတွေနဲ့ကိုက်ညီမူ ရှိ/မရှိ၊ မြေပြင် အခြေအနေဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာဟာ သူတို့ (အစိုးရနဲ့ UEC) တို့က ဆုံးဖြတ်ရမှာပါ။  ကျွန်တော်တို့ကတော့ လက်ရှိဥပဒေတွေနဲ့ကိုက်ညီတယ်၊ မဆန့်ကျင်ဘူးဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပတာကို အမြန်ဆုံး လိုလားပါတယ်၊ သမ္မတကြီး သဝဏ်လွှာမှာလည်း ဒီအတိုင်းဘဲ ဖော်ပြထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။  

တပ်မတော်နှင့် AA အကြား နိုဝင်ဘာလ ၂၅ ရက်နေ့က အင်တာနက်အွန်လိုင်းက ဆွေးနွေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့က ပန်ဆန်းမြို့တွင် နှစ်ဖက် ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ နောက်ထပ်လည်း ပေါ်လစီပိုင်းဆိုင်ရာကိုင်တွယ်ထားသူ ထိပ်တန်းခေါင်းဆောင်များ အဆင့်  ထပ်မံ ဆွေးနွေးဖွယ်ရှိသည်ဟု သတင်းများ ရရှိသည်။

လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၉) ခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်တို့ တွင် လုံးဝ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ပြည်နယ်လွှတ်တော် တစ်နေရာစီ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရွေးကောက်ပွဲမကျင်းခဲ့ရသည့် ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ အဖွဲ့အစည်း အသီးသီးက ကူညီပေးကြရန်  (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပေးပို့သော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

အလားတူ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများ ပြုလုပ်လျှင် လုံခြုံရေး တာဝန်ယူပေးနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအမ်းသားကြီးက စစ်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိသော မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိခြင်းမှာ တရားမျှတမှုမရှိဟုနိရဥ္စရာသို့ပြောကြားသည်။

“ နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောချင်တာက ရွေးကောက်ပွဲ ကျင်းပတာကကောင်းပါတယ်။ ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပခဲ့တာဟာ အစိုးရက နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုသွားတယ်လို့ ခံစားရတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပေးမယ့်ကိုယ်စားလှယ်လောင်းတချို့ ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အတွက်လည်း အေအေနဲ့ တပ်မတော်တို့တိုက်ပွဲတွေ ရပ်တန့်နေဖို့တော့ လိုပါလိမ့်မယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ဒေသခံ ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပပြီး သူတို့အား ကိုယ်စားပြုသူ လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးရန် လိုလားနေကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...