မွန်မှာ ကိုဗစ်-၁၉ ကြောင့် မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ရပ်နားခဲ့ရ

မွန်မှာ ကိုဗစ်-၁၉ ကြောင့် မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ရပ်နားခဲ့ရ

နွန်နွန် — ကိုဗစ်-၁၉ စီးပွားရေးအခက်အခဲတွေကြောင့် မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်း ရပ်နားလိုက်ရပြီးလို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာနဲ့အတူ စားသောက်ဆိုင်တွေ ၊ သားငါးစျေးတွေနဲ့ အသားထုတ်စက်ရုံတွေက ယာယီပိတ်ထားရပါတယ်။

ဒါအပြင် နယ်မြေဖြတ်ကျော် သွားလာခွင့်ကိုလည်း ကန့်သတ်လိုက်တဲ့အတွက် ကုန်စည် စီးဆင်းမှု ပြတ်တောက်ခဲ့ပါတယ်။

 ဒါကြောင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေက စျေးနှုန်းမြင့်တက်လာတဲ့အတွက် လုပ်ငန်းရှင်တွေက အရင်းအနှီးကုန်တဲ့အထိ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

အခုလို အခြေအနေတွေကြောင့် မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော်ဟာ ရပ်နားလိုက်ရပြီးလို့ မွန်ပြည်နယ် မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက ဆိုပါတယ်။

“ ထိခိုက်မှုကတော့ အရမ်းများပါတယ်၊ တချို့ဆိုရင် လုပ်ငန်းရပ်သွားတဲ့အထိ ရှိပါတယ်၊ မွေးမြူးရေးနဲ့ပက်သတ်တာဆိုရင် ကြက်မှာဆိုရင် အသားစားနဲ့ ဥစားပေါ့ နှစ်လိုင်းရှိတယ်ပေါ့၊ (၇၀)ရာခိုင်နှုန်းအထိ လုပ်ငန်းရပ်နားသွားတယ်၊ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားတာရယ်၊ နောက်စားသောက်ဆိုင်လုပ်ငန်းတွေ ရပ်နားသွားတာရယ်၊ ပြည်သူတွေကို အပြင်ထွက်သွားလာကန့်သတ်လိုက်တဲ့အချိန်မှာ ဈေးကွက်က ရပ်သွားတဲ့အတွက် အဲလိုဖြစ်လာတာလည်း တစ်ကြောင်းပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် မွေးမြူရေးစျေးကွက် ပြန်လည်  လည်ပတ်နိုင်ဖို့အတွက် စားသောက်ဆိုင်တွေ နဲ့ စျေးတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ပေးဖို့ လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အေးခဲအသားတွေ နဲ့ ကြက် ၊ ဝက်တွေကိုလည်း သက်ဆိုင်ရာ ဌာနတွေက ဖမ်းဆီးအရေးယူပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကြာမြင့်လာတာနဲ့အတူ မြန်မာနိုင်ငံ စီးပွားရေးဟာ ၂၀၁၈/၁၉ဘဏ္ဍာရေးနှစ်မှာ ၆.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉/၂၀ ဘဏ္ဍာရေးနှစ်မှာ ၀.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ဆက်လက်ကျဆင်းဖို့ အလားအလာတွေ ရှိနေတယ်လို့ ကမ္ဘ့ာဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...