ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရွာသား ၅၀၀ ခန့် ကျောက်ဖြူသို့ ထွက်ပြေးခိုလှုံ

ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရွာသား ၅၀၀ ခန့် ကျောက်ဖြူသို့ ထွက်ပြေးခိုလှုံ
ဓာတ်ပုံ - ကျောက်ဖြူမြို့မှ မူရင်းဓာတ်ပုံရှင်များ
ဓာတ်ပုံ - ကျောက်ဖြူမြို့မှ မူရင်းဓာတ်ပုံရှင်များ

ခိုင်လူလှ — ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကျေးရွာတချို့အား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် စစ်ဆေးမှုများရှိနေသဖြင့် အနည်ဆုံး ကျေးရွာ ၅ ရွာမှ လူပေါင်း ၅၀၀ ခန့်သည် ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီ အချိန်ထိ ကုလာဘာအထက်တန်း ကျောင်းတွင် ၁၁၀၊ မြို့နယ် ပရဟိတကျောင်းတွင် ၃၂၀၊ မူလာရာမကျောင်းတွင် ၁၈ ဦး၊ သိမ်တောင်ကျောင်းတွင် ၂၈ ဦးနှင့် ဂုံးရှိန် ဘုန်းတော်ကြီးကျောင်းတွင် ၃၁ ဦးရှိကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“ အခု ထွက်ပြေးလာတာက ဇိုင်းချောင်း၊ သိုင်းချောင်း၊ ပြားကျွိန်၊ သပြုတောင်၊ ချောင်းဖျားစတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်။ ရွာတွေမှာ စစ်ကြောင်းတွေက ဝင်ရောက် ဖမ်းဆီးစစ်ဆေးနေတာရှိတော့ ကြောက်ပြီးထွက်ပြေးကြတာ။ အခု ၅၀၀ လောက်ရောက်နေပါပြီ” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ကျေးရွာသားများ ဆက်လက်ထွက်ပြေးလာနေကြသည်ဟု သတင်းရကြောင်း၊ နောက်ထပ် ဆင်ပုတ်ကျေးရွာမှ လူပေါင်း ၃၀၀ ခန့်နှင့် ကြက်တိန်မှ ၇၀ ခန့် ထွက်ပြေးလာ၍ ကားများဖြင့် လူမှုရေး အဖွဲ့အစည်းများမှ သွားသယ်ယူနေကြောင်း ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့ပေါ်မှ လူမှုရေး လုပ်ဆောင်နေသူ ကိုထွန်းထွန်းနိုင်က “ ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အခြေအနေတစ်ခုကြောင့် ထွက်ပြေးလာကြတယ်။ သိုင်းချောင်း၊ ဇိုင်ချောင်း အပါအဝင် ရွာတွေက လူတွေ ထွက်ပြေးလာကြတာ။ မြို့ပေါ်မှာ သက်သက် ၃၀၀ နီးပါးရှိနေပြီ” ဟု ပြောကြားသည်။

ထွက်ပြေးလာကြသူများကို ကျောက်ဖြူမြို့ပေါ် အပါအဝင် နေရာ ၅ ခုတွင် ခွဲပြီး နေရာချပေးထားသည်ဟု ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ကောလာဟလ သတင်းဖြစ်နေတာက တပ်က အရာရှိ နှစ်ယောက် အေအေက ဖမ်းသွားတယ်ဆိုပြီး သတင်းဖြစ်နေတယ်။ ကျနော်က အတည်ပြုနိုင်တာတော့ မဟုတ်ဘူး။ ဒီအတွက် တပ်မတော်စစ်ကြောင်းတွေက ရွာတွေကလူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်တယ်လို့ ကျနော်ကသုံးသပ်တယ်။ ကျနော် တစ်ယောက်တည်းသုံးသပ်ချက်ပေါ့။ ဇိုင်ချောင်းရွာမှာ လူပေါင်း ၆၀ လောက်ကို စာသင်ကျောင်းမှာ စုထားပြီး စစ်ဆေးနေတယ်လို့ အစပိုင်းကြားရတယ်။ အခုက ၆၀ တောင်မကဘူး။ ရှစ်ဆယ်၊ ကိုးဆယ်လောက်တောင်ရှိတယ်လို့ကြားရတယ်။ ဒီနေ့ထိ မလွတ်သေးဘူး။ ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီး ရွယ်အို၊ လူပေါင်းစုံ ပါတယ်လို့ ပြောတာပါပဲ” ဟု ပြောဆိုသည်။

ဇိုင်ချောင်းရွာမှ ရွာသားများကို နိုဝင်ဘာ ၂ ရက်နေ့မှ စပြီး စာသင်ကျောင်းတွင် ခေါ်ယူပြီး ပြင်ထွက်ခွင့် မပေးပဲ စစ်ဆေးနေကြောင်း၊ ၄ ရက်မြောက်နေပြီ ဖြစ်သော်လည်း ပြန်မလွှတ်လာ၍ စိုးရိမ်ကြောင်း၊ ပျောက်ဆုံးနေသူ ရွာသားတချို့လည်း ရှိနေကြောင်း ဇိုင်ချောင်း ကျေးရွာသားများက ပြောကြားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...