ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ

ရှဒူးဇွပ်(Ja Htu Zup)ကျေးရွာ ရေဘေးဒဏ်ထပ်မံကြုံတွေ့နေရ

ဖားကန့်မြို့နယ် ရှဒူးဇွပ်(Ja Htu Zup) ကျေးရွာတွင်ယခုနှစ်အတွင်း တတိယအကြိမ် ထပ်မံရေကြီးလာသောကြောင့် ပြန်လည်ထူထောင်ရေးနှင့် အစားအသောက်များကူညီထောက်ပံ့ရန် လိုအပ်နေသည်ဟု ဒေသခံများပြောသည်။

စက်တင်ဘာ ၂၁ရက်နေ့မှစ၍ ၄ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် စက်တင်ဘာ ၂၅ ရက်နံနက်၂ နာရီခန့်အချိန်တွင် ကျေးရွာသို့ရေတိုးဝင်လာပြီး နေအိမ်များ ၇ပေခန့် မြုပ်သွားကြောင်း ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး က ယခုလို ပြောဆိုသည်။

“ဒီနေ့မနက် ၂နာရီလောက်မှာ ရေပြန်ကြီးလာတယ်။ ဒီတစ်ခေါက်က အရင်ကထက် ပိုဆိုးတယ်။ အခုဆိုရင် ရပ်ကွက်တွေအားလုံး နေအိမ်တွေ မြုပ်သွားတယ်။ အထက်တန်းကျောင်းတွေဆို တစ်ဝက်လောက် မြုပ်သွားပြီ။ တံတားတစ်ဖက်ကမ်းမှာရှိတဲ့ ရပ်ကွက်အိမ်တွေလည်း မကျန်တော့ဘူး။ အခုက ရေမမြုပ်တဲ့နေရာဆိုလို့ ဈေးကုန်းတစ်ခုဘဲ ကျန်တော့တယ်” ဟု ပြောဆိုသည်။

ရေကြီးရေလျှံမှုမှာ ကျေးရွာအနီးတဝိုက်ရှိ ချောင်း ၃ခုဖြစ်သည့် မိုးကောင်းချောင်း၊ ခေါင်းလှော်ခ (Hkawng Law Hka) နှင့် ရှဒူးခ (Sha Htu Hka) စသောချောင်းများ တပြိုင်နက် ကျေးရွာအတွင်းသို့ စီးဝင်လာသောကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက် ၄ ခု နှင့် အိမ်ခြေ ၂၀၀ ကျော်ရေမြုပ်သွားကြောင်း သိရသည်။

ရေဘေးဒဏ်ကို ကြုံတွေ့နေရသော ဒေသခံ ၂ ထောင်ခန့်က လက်ရှိတွင် နီးစပ်ရာ ဘာသာရေးကျောင်းများနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြန်လည်ထူထောင်ရေးနှင့် စားနပ်က္ခာများကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဦးနော်ဒီးက ဆက်လက်ပြောဆိုခဲ့သည်။

ရှဒူးဇွပ်ကျေးရွာသည် ယခင်နှစ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွားသောရေကြီးရေလျှံမှုဘေးဒဏ်ကို မခံစားခဲ့ရကြောင်း သိရသည်။ သို့သော် ယခုနှစ်မိုးတွင်းကာလအတွင်း ၃ကြိမ်တိုင်တိုင် ရေကြီးရေလျှံဖြစ်ခဲ့သည်မှာ မိုးသည်းထန်းစွာ ရွာသွန်းမှု တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ အနီးတဝိုက်ကျေးရွာများတွင် ရွှေသတ္ထုတူးဖော်မှုတွေကြောင့်ဖြစ်သည်ဟု ရှဒူးဇွပ်ဒေသခံ ဦးထွယ်အောင်က ကချင်သတင်းဌာန KNG ကို ပြောသည်။

“အရင်က အခုလို ဆိုးဆိုးရွားရွား ရေကြီးရေလျှံဖြစ်တာ မရှိဘူး။ ဒီနှစ်မှာက ၃ကြိမ်ဖြစ်သွားပြီ။ ကျနော့်အမြင်တော့ အနီးတဝိုက် နှစ်ရှည်ရွှေတူးဖော်တဲ့သူတွေ အများအပြားရှိနေသောကြောင့် ဖြစ်တယ်လို့ဘဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လို ရွှေတူးဖော်တော့ သဘာဝပတ်ဝန်းကျင်တွေလည်း ပြောင်းလဲလာတယ်။ နောက်ပြီး ပျက်စီးလာလို့ဖြစ်တယ်လို့ ဘဲမြင်တယ်” ဟု ပြောသည်။

ယခုလို ရေကြီးရေလျှံမှုဖြစ်နေသောကြောင့် တနိုင်းလီဒိုလမ်းမသို့သွားလာနေသော လိုင်းကားများနှင့် ကုန်တင်ကားများသည် ရှဒူးဇွပ်ကျေးရွာအဝင်ပေါက်မှ ဆက်သွား၍ မရကြောင်း သိရသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...