ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းအနီး မေယုတောင်ကျော်လမ်းတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းအနီး မေယုတောင်ကျော်လမ်းတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ထဲ ညောင်ချောင်းကျော်လမ်းတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားရာ ကံ့ကော်မြိုင်နတလစံပြကျေးရွာသား တစ်ဦးက “ပထမဖြစ်တာက စက်တင်ဘာ ၁၆ ရက် နေ့လယ်မှာ ဒိုးတန်းချောင်းထဲမှာ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ညောင်ချောင်း တောင်ကျော်လမ်းမှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ဆက်တိုက်ရှိနေပါပြီ။ ဒီနေ့တော့ အသံမကြားရသေးပါဘူး” ဟု ပြောကြားသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းမှ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာကို မေယုတောင်ကို ဖြတ်ပြီး ဖောက်လုပ်နေသည့် ကားလမ်း အနီးဝန်းကျင်တွင် ဖြစ်ပွားနေသည်ဟု သိရသည်။

“ ပထမနေ့ ဖြစ်တာက ၁၂ နာရီကျော် ၁ နာရီလောက် စဖြစ်တယ်။ မိနစ် ၂ဝ ကြာခဲ့ပါတယ်။ ဒိုးတန်းချောင်းထဲ ဒညင်းတောရှိတယ်။ အဲဒီမှာ လင်းလုပ်ခေါင်းတောင်ဆိုတာ ရှိတယ်။ အဲဒီမှာ ဖြစ်ကြတယ်။ မနေ့ကတော့ ဦးရွှေမောင် နွားရုံနောက်မှာ နွားစားကျက်ကွင်းရှိတယ်။ အဲဒီနောက်က တောင်ချိုင်မှာ ဖြစ်ကြတယ်။ မွန်းလွဲ ၂ နာရီကျော် ၃ နာရီလောက်စပြီး ည ၆ နာရီကျော်ထိ ဖြစ်ကြတယ်။ ရွာကတော့ အပြန်အလှန်ပစ်သံတွေ ဒီအတိုင်းကြားနေရတယ်။ ရွာမှာက အမျိုးသမီးတွေ၊ ကလေးတွေတော့ တစ်ခြားနေရာကို ရှောင်နေကြတယ်။ ရွာကို လက်နက်ကြီးကျည်တွေကျတာလည်း မရှိပါဘူး”ဟု ပြောကြားသည်။

တိုက်ပွဲပြင်းထန်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာမှာ ကံ့ကော်မြိုင်နှင့် သိပ်မဝေးကြောင်း၊ လက်နက်ကြီးလက်ငယ်ပစ်သံများကို ကြားရကြောင်း၊ ယမန်နေ့က တိုက်ပွဲအတွင်း အမှတ် ၅၅၁ တပ်ရင်းဘက်ကလည်း လက်နက်ကြီး သုံးချက် ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက် အထိအခိုက်အကျအဆုံးများကို အရပ်သားများ အနေဖြင့် မသိရကြောင်း ၎င်းက ပြောကြားသည်။

ညောင်ချောင်းကျေးရွာသို့ ဆက်သွယ်ရာ အရပ်လူကြီးတစ်ဦးက တိုက်ပွဲ ဖြစ်နေသည်မှာ နှစ်ရက် ရှိနေပြီဖြစ်ကြောင်း၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဖြစ်ပွားမှုမရှိကြောင်း ပြောကြားသည်။

“ပထမနေ့က မိနစ် ၂ဝ၊ နာရီဝက်လောက်ဖြစ်တယ်။ မနေ့ကတော့ ညနေ ၃ နာရီက နေဝင် ၆ နာရီကျော်ထိ ဖြစ်တယ်။ ဒီနေ့တော့ အသံတိတ်နေတယ်။ သေနတ်သံတွေကို ပေါက်ပေါက် ဖောက်သလိုကြားရတယ်။ ဖြစ်တဲ့ နေရာက ရွာနဲ့ နည်းနည်းဝေးပြီး တောင်ထဲမှာ ဖြစ်နေကြတာဆိုတော့ ရွာဘက်ကို လက်နက်ကြီး ကျည်တွေ လာကျတာတော့ မရှိပါဘူး။ ရွာသားတွေကတော့ ဘယ်မှ ထွက်မပြေးပါဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ညောင်ချောင်းတွင် နယ်ခြားစောင့်တပ်ရှိနေပြီး အနီးဝန်းကျင်တွင် အခြေအနေမှာ တိတ်ဆိတ် ငြိမ်သက်နေကြောင်း၊ တောင်ထဲတွင် ဖြစ်ပွားခြင်းဖြစ်၍ ညောင်ချောင်းကျေးရွာအနီးတွင် အေးအေးဆေးဆေးရှိနေကြောင်း ၎င်း အရပ်လူကြီးက ပြောကြားသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...