စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလှယ်လောင်းအများအပြားဝင်ပြိုင်ခြင်းအပေါ်အမြင်မတူမှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလှယ်လောင်းအများအပြားဝင်ပြိုင်ခြင်းအပေါ်အမြင်မတူမှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးတွင်  ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလှယ်လောင်းအများအပြားဝင်ပြိုင်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအကြားသဘောထားအမြင် မတူမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းလေးဦးအပါအဝင် ပါတီပေါင်းစုံမှကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုသို့ ကိုယ်စားလှယ်အများအပြားများ ဝင်ရောက်ရွေးချယ်ခြင်းကြောင့်  အခြားတိုင်းရင်းသားများအမြင်တွင် ချင်းလူမျိုးများ၏ သဘောထားကွဲလွဲမှုကို ပိုမိုပေါ်လွန်စေကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ချင်းမာတာ တာဝန်ခံ Andrew Tatuang က “မစည်းလုံးဘူးဆိုပြီး မြင်တဲ့သူတွေကတော့ မြင်နိုင်တာပေါ့၊ တစ်ဖက်ကပြောရင် လက်ရှိတိုင်းရင်းသားရေးရာဝန်ကြီးနေရာက ဝန်ကြီးတန်းဖြစ်မဲ့သူဆိုတော့ သူ့ရဲ့ခံစားခွင့်ကလည်းကြီးတာကို၊ အဲဒါလည်း တစ်ပိုင်းဖြစ်မယ်။ နောက်တစ်ခုက ၂၀၁၀၊ ၂၀၁၅ ခုနှစ်မှာ   အရွေးခံရတဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးရှိ‌ပေမဲ့ ကျောင်းသားတွေ ဘွဲ့လက်မှတ်ကိစ္စ ပြသနာတွေတတ်တုန်းက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ဘာလုပ်နေမှန်းတောင် မသိလိုက်ရဘူး။ အခုရွေးကောက်ပွဲ ဝင်ပြိုင်မဲ့သူတွေထဲမှာ ၅၀ ရာခိုင်းနူန်းကတော့ အရင်ကဝန်ကြီးတွေကို အားမရလို့ ဖြစ်မယ်လို့မြင်တယ်။ အခုဟာက တိုင်းရင်းသားရေးရာဝန်ကြီးကို လစာရအောင် မဲပေးတာနဲ့ သွားတူနေတယ်” ဟု ဆိုသည်။

သို့သော် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလောင်း အများအပြားဝင်ရောက်အရွေးခံခြင်းသည်  ပြည်သူများအတွက် ရွေးချယ်ခွင့်များပြားသည့်အတွက်  ပိုမိုကောင်းကြောင်း တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်မည့် ဦးလာထန်ကြွမ်းက ပြောသည်။

“မဲဆန္ဒရှင်အနေနဲ့ကတော့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ဖြစ်၊ ၁၁ ဦးဖြစ်ဖြစ် သူကတော့ တစ်ဦးပဲရွေးမယ်၊ သူ့အတွက် ရွေးချယ်ခွင့်ပိုရတယ်၊ အရင်ကတော့ ဒီတစ်ယောက်မကြိုက်ဘူးဆိုရင် တစ်ခြားရွေးဖို့မရှိဘူး၊ အခုကတော့ သူ့စိတ်ကြိုက်ရွေးနိုင်တော့မယ်ဆိုတော့ ပိုကောင်းတယ်” ဟု ဦးလာထန်ကြွမ်းက ပြောသည်။

ထိုချင်းတိုင်းသားဝန်ကြီးနေရာဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများပြားသော်လည်း ဝင်ရောက်အရွေးချယ်ခံသူအားလုံးသည် ချင်းလူမျိုးများအတွက် ကူညီချင်သူနှင့် ‌ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချင်သူများပင်ဖြစ်ကြောင်း ချင်းလူမူရေးအသင်းမှ ဗဟိုအတွင်းရေးမှူး ဦးဘွဲ့လျန်ခုပ်က သုံးသပ်ပြောကြားသည်။

“အကောင်းဆုံးကတော့ ချင်းလူမျိုးတွေ တစ်ပါတီနဲ့တစ်ပါတီ ညီညီညွတ်ညွတ်နဲ့ ဦးဆောင်နိုင်တဲ့သူကို နေရာပေးရင်တော့အကောင်းဆုံးပေါ့၊ ဒါပေမဲ့ အခုပါဝင်ယှဉ်ပြိုင်မဲ့သူတွေလည်း ချင်းလူမျိုးတွေကို ကူညီချင်တဲ့သူနှင့် ဖွံ့ဖြိုးရေးလုပ်ချင်တဲ့သူတွေပါပဲ၊ ပါတီစုံဒီမိုကရေစီဆိုတော့လည်း အခုလိုများတာပါ” ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ ကလေးမြို့တွင် ၁၃၁၃၅၉ ဦး၊ တမူးမြို့တွင် ၃၅၇၉၃ ဦး၊  ဟုမ္မလင်းမြို့တွင် ၃၃၁၀ ဦး၊ လေရှီး (နာဂ) မြို့တွင်  ၁၃၅၀ ဦးနှင့် ခန္တီးမြို့တွင် ၃၀၉ ဦးရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် ဦးလာထန်ကြွမ်း၊ ဦးဘွန်းဇနန် (ခ) ပူဘွန်ဇနန်း၊ ဦးဘွာလ်နှောက်၊ဦးတွန့်လမ်းထန်းတို့အပြင်  ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ဦးဆန်ထောမ်ထန်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမာန်ခွါးဟုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်လါလ်ရင်းမွန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ  ဦးစံရာအုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထန်ဆဲယာ၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ  ဒေါက်တာဂင်ဟဲ့လျန်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ  ဦးလာဘွေ့ဘိခ်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...