ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှစ်ခုကို စစ်တပ်က ဖျက်ဆီးသွားကြောင်း မြို့ခံများက ပြောသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်နှစ်ခုရှိသည့်အနက် ယခု ဖျက်ဆီးခံလိုက်ရသည်မှာ သုမင်္ဂလာ ပန်းခြံအတွင်း ပဒေသာဈေးဘက်ခြမ်းမှ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့၊ ည ၁၀ နာရီကျော် အချိန်ကစ၍ ဖျက်ဆီးသွားခြင်း ဖြစ်သည်။
တောင်ဥက္ကလာပမြို့ခံ အမျိုးသမီးတစ်ဦးက “အခုထိတော့ တရုပ်ကိုပဲ စဖျက်နေတာ တွေ့ရပါတယ်။ အရုပ်က တော့ ဖျက်ပြီး အောက်က ခုံတုံးပဲ ကျန်ပါ တယ်။ အဖျက်ခံရတဲ့အရုပ်ကတော့ ဦးကိုကိုကြီး ကမကထ လုပ် ထားတဲ့ အရုပ်ဖြစ်ပါတယ်။ ညက ၁၀ နာရီခွဲလောက်မှာ ပန်းခြံကိုအမှောင်ချ လူစုလူဝေးနဲ့ စတင်ပြီး ဘက်ဟိုး အုတ်ဖောက်စက်နဲ့ စတင်ဖျက်ပါတယ်” ဟု ပြောသည်။
ထိုရုပ်တုအား အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ် (ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၂ နှစ်ပြည့် မွေးနေ့) တွင် အပြီးသတ် စိုက်ထူးခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမ၏ မေးမြန်းချက်အရ တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်စိုက်ထူထားသည့် ကျန်ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တစ်ရုပ်မှာမူ ဇူလိုင်လ ၂ ရက်နေ့၊ မွန်းလွဲပိုင်း အထိ ဖြိုဖျက်ခံရခြင်း မရှိသေးကြောင်း ဆိုသည်။
အလားတူ သာကေတမြို့နယ် မြကန်သာပန်းခြံအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်တုလည်း (ဇူလိုင်လ ၁ ရက်) ည ၁၁ နာရီဝန်းကျင်က စစ်တပ်၏ ဖြိုဖျက်ခြင်းကို ခံလိုက်ရသည်။
ရန်ကုန်တိုင်းအတွင်း စစ်တပ်၏ လှုပ်ရှားမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသည့် Rangoon Scout Network (RSN) မှ တာဝန်ရှိသူတစ်ဦးက “သာကေတက ကြေးရုပ်လည်း ဖျက်ဆီးခံထားရပါတယ်။ သာကေတနယ်မြေရုံး၊ မြကန်သာပန်းခြံက ကြေးရုပ်ပါ။ မနေ့ညကပါပဲဗျ။ ည ၁၁ နာရီလောက်ထဲက ရောက် လာပြီး ဖျက်နေခဲ့ကြတာလို့ သိရပါတယ်။ မနက်ထဲက ပန်းခြံထဲ အပြင်လူပေးမဝင်ပါဘူး။ ရဲနဲ့ အရပ်ဝတ်တွေ လည်း စောင့်ကြည့်နေကြပါတယ်ဗျ” ဟု ပြောသည်။
စစ်တပ်က လပိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို ဖျက်ဆီးမှုပြုလုပ်သည့် ဖြစ်စဉ်များကို မကြာ ခဏ တွေ့လာရသည်။
ထိုသို့ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် မြို့နှင့် ပတ်ဝန်းကျင်ကို အမှောင်ချပြီးမှ လုပ်ဆောင်လေ့ရှိသည်ကိုလည်း တွေ့ရသည်။ စစ်တပ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းကို ဖျက်ဆီးလိုရင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
တောင်ဥက္ကလာပမြို့ခံ အမျိုးသမီးက “စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ အခုအဖျက်ခံရတဲ့အရုပ်ဆို ကျမတို့ရဲ့ ငွေတွေ ပါပါတယ်။ ဒါပေမဲ့ ကျမတို့က ရုပ်တုထက် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဆိုအမိန့်တွေ၊ လုပ်ရပ်တွေကို လိုက်နာဆောင်ရွက်နိုင်ဖို့က အရေးပိုကြီးတယ်လို့ ထင်ပါတယ်။ ကျမတို့ ရင်ထဲနှလုံးသားထဲမှာ ဗိုလ်ချုပ်က ထာဝရ ဖြစ်တည်နေပြီးသား၊ ခေါင်းဆောင်ကောင်းဖြစ်လို့ ရုပ်တု ရှိနေခြင်းမရှိနေခြင်းက ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက်တွေလောက် အရေးမပါလောက်ပါဘူး။ ဗိုလ်ချုပ်ကို ချစ်ရင် တန်ဖိုးထားရင် လေးစားရင် ဗိုလ်ချုပ်ရဲ့ အမှာစကားတွေကို လေးစားလိုက်နာကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
RSN မှ တာဝန်ရှိသူတစ်ဦးကလည်း “ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်တွေ ရသမျှ လိုက်ဖျောက်နေတာလို့ မြင်ပါ တယ် ဗျ။ သူက လွတ်လပ်ရေးပုံရိပ်ဖြစ်ပြီး လူများကို တော်လှန်ဖို့ ခွန်အားပေးနေတဲ့ပုံရိပ်တွေမို့ လိုက်ဖျက် နေတာပါ။ အရင် သန်းရွှေလက်ထက်ကအတိုင်း၊ စစ်တပ်တည်ထောင်ခဲ့တယ်ဆိုတဲ့ သတင်းစကားလောက်ပဲ ချန်ထားချင်ပုံရပါတယ်။ ယတြာချေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ” ဟု ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်ချုပ်အောင် ဆန်း ကြေးရုပ်တု၊ ဇွန်လ ၉ ရက်နေ့က ပဲခူးတိုင်း တောင်ငူမြို့နယ် ကန်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု တို့ကိုလည်း ဖျက်ဆီးခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖျက်ဆီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက် ညပိုင်းတွင်လည်း ပဲခူးမြို့လယ် ရွှေမော်ဓောဘုရားလမ်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းထောင့်၌ ဆယ်စုနှစ် သုံးခုခန့်ကြာ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိုလည်း ဖျက်ဆီးခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗဈေးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိုလည်း စစ်တပ်က ဖျက်ဆီးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က လည်း မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့သည်။
(ဓာတ်ပုံ - သာကေတမြို့နယ် မြကန်သာပန်းခြံအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်။)







