ရခိုင်တွင် ကောက်ညှင်းစပါး ဝယ်သူမရှိ၍ တောင်သူများ အရှုံးပေါ်နေ

ရခိုင်တွင် ကောက်ညှင်းစပါး ဝယ်သူမရှိ၍ တောင်သူများ အရှုံးပေါ်နေ

လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့် ရောင်းမထွက်ဘဲ တောင်သူများလက်ထဲ၌ သောင်တင်နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ (ULA) က ရခိုင်တောင်သူများထံမှ စပါးများကို စျေးနှုန်းသတ်မှတ်ကာ ဝယ်ယူပေးနေသော်လည်း ကောက်ညှင်းစပါးကိုမူ ဝယ်ယူခြင်းမရှိသဖြင့် စပါးစျေးနှုန်းမှာ ထိုးကျနေခြင်း ဖြစ်ကြောင်း တောင်သူများက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကောက်ညှင်းစပါးစျေးကောင်းရခဲ့သဖြင့် ယခုနှစ်တွင် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြ သော်လည်း လက်ရှိတွင် အရောင်းအဝယ် လုံးဝအေးခဲနေကြောင်း ပုဏ္ဏားကျွန်းဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ကောက်ညှင်းစပါးတွေက စျေးကောင်းရတယ်လေ။ စပါးတောင်းတစ်ရာကို ၁၀ သိန်းကျော် လောက်အထိ ရှိခဲ့တယ်။ ယခုနှစ်က ကောက်ညှင်းစပါး ဝယ်ယူမယ့်သူတွေက လုံးဝမရှိဘူး။ စပါးစျေးကလည်း တောင်း ၁၀၀ ကို ငွေသုံးသိန်းပဲ ပေါက်စျေးရှိတော့တယ်။”

လက်ရှိ ရခိုင်ပြည်တွင် ULA က တရားဝင်သတ်မှတ်ဝယ်ယူနေသည့် စပါးပေါက်စျေးများမှာ ပေါ်ဆန်းမွှေးစပါး တောင်း ၁၀၀ လျှင် အမြင့်ဆုံး ငွေကျပ် ၈၀၀,၀၀၀ (ရှစ်သိန်း) မှ အနိမ့်ဆုံး ၆၀၀,၀၀၀ (ခြောက်သိန်း) ကျပ် ရှိသည်။

ထို့အတူ အိန္ဒိယချေ ကောက်ရင်စပါး တောင်း ၁၀၀ လျှင် ငွေကျပ် ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော်၊ သီရိဒုံစပါး တောင်း ၁၀၀ လျှင် ငွေကျပ် ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀၊ ငစိန်စပါး တောင်း ၁၀၀ လျှင် ငွေကျပ် ၃၈၀,၀၀၀ မှ ၅၅၀,၀၀၀ နှင့် ကောက်ကြီးစပါး တောင်း ၁၀၀ လျှင် ငွေကျပ် ၄၂၀,၀၀၀ မှ ၆၀၀,၀၀၀ အထိ အသီးသီးရှိ နေသည်။

သို့သော် ကောက်ညှင်းစပါးကိုမူ ဝယ်ယူမည့်သူ နည်းပါးနေပြီး ပွဲစားအချို့ကသာ အနှိမ်စျေးဖြင့် ဝယ်ယူနေကြ သဖြင့် ကျောက်တော်မြို့နယ်အတွင်း ကောက်ညှင်းစပါး တောင်း ၁၀၀ လျှင် ငွေကျပ် ၃၀၀,၀၀၀ (သုံးသိန်း) ကျော်စျေးသာ ရှိတော့သည်။

ကျောက်တော်မြို့နယ်မှ တောင်သူ ဦးညိုမောင်လှကလည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲကို ယခုကဲ့သို့ ရှင်းပြသည်။

“ကျောက်တော်မြို့နယ်တွေက ကျေးရွာတွေမှာ ရောင်းလို့မထွက်တဲ့ ကောက်ညှင်းစပါးတွေက အများကြီး ရှိကြတယ်။ လယ်သမားတွေက ကောက်ညှင်းစပါးကို ရှေ့နှစ်တွေက အမြတ်စွန်းရတယ်ဆိုပြီး အများအပြား စိုက်ကြတာ။ အခုက စျေးမရှိတော့ အရှုံးတွေနဲ့ ကြုံရတာများတယ်။ ကောက်ညှင်းဆန်က တခြားဆန်တွေနဲ့ မတူဘဲ မုန့်ပဲသရေစာပဲ လုပ်လို့ရတာလေ။”

ရခိုင်တွင် စပါးစျေးကွက်မရှိဘဲ စိုက်ပျိုးရာသီ နှစ်ရာသီခန့်အထိ ကြာမြင့်လာပြီဖြစ်သဖြင့် အရင်းအနှီးများစွာ စိုက်ထုတ်ထားရသည့် တောင်သူများမှာ အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ အခြားတောင်သူတစ်ဦးကလည်း “အရင်နှစ်တွေက ရခိုင်မှာ ကောက်ညှင်းစပါးစျေးနှုန်းက အရမ်းကောင်းခဲ့တယ်။ စပါးတောင်း ၁၀၀ ကို ၁၃ သိန်းအထိ ရခဲ့တယ်။ ဒါကြောင့် တောင်သူတွေဟာ ကောက် ညှင်းစပါးတွေကိုပဲ အားစိုက်လုပ်လာကြတာ။ ဒါပေမဲ့ ဒီနှစ်မှာတော့ စျေးမရှိတော့လို့ အရှုံးပေါ်သွားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသကို စစ်တပ်က လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားခြင်းကြောင့် ပြည်မနှင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းနေပြီး ယင်းအကျိုးဆက်က ရခိုင်လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ် ပြင်းထန်စွာ ရိုက်ခတ်နေသည်။

လက်ရှိတွင် ရခိုင်ပြည်၌ ဓာတ်မြေဩဇာစျေးနှုန်း မြင့်တက်ခြင်း၊ လုပ်သားရှားပါးခြင်း၊ ထွန်ယက်စရိတ် ကြီးမြင့် ခြင်းနှင့် စပါးစျေးကွက်မရှိခြင်းတို့ကြောင့် လယ်သမားများမှာ လယ်ယာလုပ်ငန်းကို ပုံမှန်အတိုင်း မလုပ်ကိုင်နိုင် တော့ဘဲ ယခင်နှစ်များထက် စိုက်ပျိုးဧက လျှော့ချစိုက်ပျိုးနေကြရသည်။

မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...