သီပေါတံတားကို ၈ လနီးပါး ပိတ်ထား၍ အရေးပေါ်လူနာ ပို့ဆောင်ရေး အခက်ကြုံနေ

သီပေါတံတားကို ၈ လနီးပါး ပိတ်ထား၍ အရေးပေါ်လူနာ ပို့ဆောင်ရေး အခက်ကြုံနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်တပ်က ၈ လနီးပါးကြာ သည်အထိ ပိတ်ထားဆဲဖြစ်သောကြောင့် ဒေသခံများ သွားလာရေးနှင့် အရေးပေါ်လူနာများ ပို့ဆောင်ရေးတွင် အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။

သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် အဆိုပါတံတားကို စစ်တပ်နှင့် ကိုကန့်တပ်ဖွဲ့ (MNDAA) တို့က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အပြန်အလှန် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ စစ်တပ်ဘက်က သီပေါတံတားကို ဆက်လက်ပိတ်ထားပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့် မပြုသေးကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သီပေါတံတားက ပိတ်ထားတုန်းပါ။ ကားကတော့ သွားလာလို့မရဘူး။ လူတွေတော့ အရင်လို လမ်းလျှောက် သွားနေကြရတယ်။ လူနာပို့ရင်တော့ လမ်းလျှောက်ဖြတ်ရတုန်းပဲ။ စက်လှေနဲ့လည်း ကူးတာတော့ရှိတယ်။”

ထိုသို့ တံတားပိတ်ထားသဖြင့် ဖောင်ဆိပ်မှတစ်ဆင့် စက်လှေဖြင့် သွားလာနေကြရပြီး လမ်းခရီးစရိတ်အဖြစ် လူတစ်ဦးလျှင် ကျပ်ငွေ ၁ သောင်းနှင့် ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငွေ ၂ သောင်းအထက် ပေးဆောင်နေရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သီပေါတံတားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်မောင်းများနှင့် ဒေသခံများက မျှော်လင့်နေကြကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

“အခုက ပိတ်ထားတာ ၈ လနီးပါးရှိနေပြီ။ ပြန်တော့ ဖွင့်စေချင်တာပေါ့။ တံတားတွေဖွင့်လာရင် အလုပ်လုပ်လို့ လည်း အဆင်ပြေမယ်။ အားလုံးကလည်း ဖွင့်ဖို့ပဲ မျှော်လင့်နေကြတာ။ အခုလို ပိတ်ထားတော့ ပြည်သူတွေက ဘာမှပြောလို့မရဘူး။ အခုတံတားမှာတော့ စစ်ကောင်စီပဲရှိတာ။”

စစ်တပ်နှင့် MNDAA တို့သည် သီပေါတံတားကို အပြန်အလှန် ပိတ်ဆို့ထားခဲ့ကြရာမှ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် MNDAA ဘက်က ၎င်းတို့ဂိတ်နေရာမှ ဆုတ်ခွာပေးခဲ့သော်လည်း စစ်တပ်ဘက်ကမူ ယနေ့တိုင် ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်သည်။

ဒေသခံ ပြည်သူများကမူ သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် အရေးပေါ်လူနာ ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန်အတွက် သီပေါတံတားကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။

စစ်တပ်က သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်လမ်းပိုင်းများမှ MNDAA တပ်များ ဆုတ်ခွာပေးရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က လားရှိုးမြို့၌ တွေ့ဆုံစဉ် တောင်းဆိုခဲ့ဖူးသည်။

သို့သော် ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဖက်စစ်ရေး တင်းမာလာကာ အပြန်အလှန် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

July 2, 2026
သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏...
July 1, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ်...
June 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့...