ရွှေကူ - ကသာအစပ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

ရွှေကူ - ကသာအစပ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ရွှေကူမြို့နယ်ဘက်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိတွင် ရွှေကူမြို့နယ်အတွင်းရှိ စကားကုန်းရွာနှင့် သာယာကုန်းရွာဘက်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန် နေပြီး စစ်တပ်ဘက်က Y-12 လေယာဉ်၊ ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သို့ ပြောသည်။

“ရွှေကူမှာက နေ့တိုင်း တိုက်ပွဲရှိတယ်။ နေ့တိုင်း လေကြောင်းလာကြဲတယ်။ Y-12 ရော ဂျက်ဖိုက်တာရော လာပစ်တယ်။ မနေ့က တိုက်ပွဲဖြစ်တာက စကားကုန်း၊ သာယာကုန်းဘက်။ ကားလမ်းတွေလည်း ပိတ်ထား တယ်။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် လမ်းပိုင်းတစ်လျှောက် ယာဉ်သွားလာရေး ထိခိုက်နေပြီး လမ်းအချို့ကို သွားလာ၍ မရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ကသာမြို့နယ်ဘက်တွင်လည်း တိုက်ပွဲများရှိနေသော်လည်း မြို့တွင်း၌မဟုတ်ဘဲ မြို့ပတ်ဝန်းကျင်ရှိ တောတောင် များထဲတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကသာမြို့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကသာတော့ တိုက်ပွဲနည်းနည်းဖြစ်တာတော့ ဟုတ်တယ်။ ကသာမြို့ထဲတော့ မဟုတ်ဘူး။ ကသာနား ပတ်ချာ လည် တောနားလေးတွေမှာ ဖြစ်နေတာ” ဟု ပြောသည်။

ရွှေကူနှင့် ကသာအစပ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မြစ်ကြီးနား–မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်စပ်လမ်းပိုင်းများတွင် သွားလာရေးအခြေအနေမှာ ယနေ့တိုင် မတည်ငြိမ်သေးကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ရွှေကူမြို့နယ်အတွင်းရှိ တော်လှန်ကျေးရွာ၊ လေးလမ်းဆုံနှင့် ကိုင်းကျေးရွာတစ်ဝိုက်တွင်လည်း ယခင် ရက်များနည်းတူ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ရွှေကူမြို့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွှေကူဘက်မှာလည်း အရင်လိုပါပဲ။ မိန်းလမ်းမတစ်ကြောမှာရှိတဲ့ စစ်တပ်စစ်ကြောင်းကို ခါးဖြတ်ပြီး တိုက်နေတာ။ နေ့စဉ်လိုလိုတော့ တိုက်ပွဲတွေရှိနေပါတယ်။”

၎င်း၏ ပြောဆိုချက်အရ ကာကွယ်ရေးပူးပေါင်းတပ်များက စစ်တပ် စစ်ကြောင်းများကို လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ရွှေကူမြို့နယ်အတွင်း နေရာအနှံ့အပြား၌ ထိတွေ့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရွှေကူ - ကသာအစပ်တစ်လျှောက် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ မြေပြင်တိုက်ပွဲများ နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဒေသခံ ပြည်သူများမှာ သွားလာရေးနှင့် နေထိုင်ရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရွှေကူမြို့နယ်နှင့် ကသာမြို့နယ်အစပ်ဒေသသည် ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် စစ်ရေး အရ အရေးပါသော နယ်မြေတစ်ခုဖြစ်ပြီး စစ်တပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှစတင်ကာ ရွှေကူမြို့နယ်အတွင်းရှိ တော်လှန်ကျေးရွာ၊ လေးလမ်းဆုံ၊ ကိုင်း ကျေးရွာ၊ စကားကုန်းနှင့် သာယာကုန်းတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများနှင့် စစ်တပ်ဘက်မှ လေကြောင်းအင်အားသုံး တုံ့ပြန်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

By – အမိုး

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...