ကချင်စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံက ယွမ် ၄ သန်းစတင်ပေးအပ်

ကချင်စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံက ယွမ် ၄ သန်းစတင်ပေးအပ်
တရုတ်သံအမတ် က လူငယ်ပြန်ဝန်ကြီးထံ ထောက်ပံ့ငွေပေးအပ်စဉ် (Photo – Chinese Embassy in Myanma)
တရုတ်သံအမတ် က လူငယ်ပြန်ဝန်ကြီးထံ ထောက်ပံ့ငွေပေးအပ်စဉ် (Photo – Chinese Embassy in Myanma)

ကချင် စစ်ရှောင်များ ပြန်လည်နေရာချထားရေးအစီစဉ်အတွက် တရုတ်နိုင်ငံကလှူဒါန်းမည့် ယွမ်သန်း၂၀၀ အနက် ကနဦး ယွမ် ၄ သန်းကို မြန်မာအစိုးရ လူငယ်ပြန်ဝန်ကြီးထံ တရုတ်သံအမတ်ကြီး Mr. Chen Hai က သြဂုတ်လ၅ ရက်နေ့ နေပြည်တော်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက ပေးအပ်သော ယခုပထမအကြိမ် ယွမ် ၄ သန်းကို ကချင်ပြည်နယ်အတွင်း တာလောကြီးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် နမ်ဆန်ယန်ကျေးရွာတို့တွင် နေအိမ် ၁၉၁ လုံးတည်ဆောက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ထုတ်ပြန်ထားသည်။

ယခုလို တရုတ်နိုင်ငံ၏ ကချင်စစ်ရှောင်များအတွက် ကူညီထောက်ပံ့မှုများနှင့် အစိုးရ၏ ပြန်လည်နေရာချထားရေး ကျေးရွာရွေးချယ်မှုလုပ်ငန်းများကို အသေးစိတ်မသိရသေးကြောင်း ကချင်လူသားခြင်းစာနာထောက်ထားမှုအဖွဲ့ KHCC ဘက် မှ သိရသည်။

“သူတို့အစိုးရအနေနဲ့လုပ်ဆောင်လာလိမ့်မယ်။ ကျွန်တော်တို့အနေနှင့်ဘာမှမသိဘူး။ သူတို့ဘက်ပိုင်းကျတော့ဘယ်လိုလဲမသိဘူး၊ ကျွန်တော်တို့လုပ်ရမည့်ဟာတွေကိုပဲ ကျွန်တော်တို့လုပ်ဆောင်သွားမယ်၊ သူတို့နဲ့တော့မထပ်အောင်တော့လုပ်တယ်။” ဟု KHCC ဥက္ကဌ သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း သြဂုတ် ၆ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ကလည်း စစ်ရှောင်များကိုနေရပ်ပြန်ပို့ရန် ကျေးရွာ ၁၇ ရွာကို ရွေးချယ်ထားပြီး ၎င်းတို့မှာ ယနေ့ထိ ရွာမပျက်ဘဲ ရှိနေသောနေရာ၊ အစိုးရ ၂ ဖက်၏ အုပ်ချုပ်မှုအာဏာရောနှောစွာမသက်ရောက်သောနေရာ စသည်တို့ဖြစ်သည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ စစ်ပြေးဒုက္ခသည်အိမ်ထောင်စု ၁၀ စုကို KHCC ၏ အစီစဉ်ဖြင့် ဇူလိုင် ၄ ရက်နေ့တွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့သည်။

အလားတူ မိုးမောက်နှင့် မံစီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ရှောင်များကို နေရပ်ပြန်ပို့ရန် နေအိမ်များ ဆောက်လုပ်နေပြီဟု သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိနေဆဲဖြစ်သည်။ စစ်ဘေးကာလ ၉ နှစ်ကျော်လာချိန် လုံခြုံရေး အာမခံချက်ပေးပါက နေရပ်ပြန်ရေးကိုလိုလားကြောင်း စစ်ရှောင်များကလည်း ပြောဆိုလာကြပြီဖြစ်သည်။

သို့သော်လည်း အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား အပစ်ရပ်လက်မှတ် တစ်စုံတစ်ရာထိုးထားခြင်း မရှိသဖြင့် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...