လူဦးရေ ၂၁ဝဝ ရှိသည့် ပီပင်ရင်းကယ်ဆယ်ရေးစခန်း လူကယ်ပြန်မှ အကူအညီမရသည်မှာ မေလကတည်းကဟုဆို

လူဦးရေ ၂၁ဝဝ ရှိသည့် ပီပင်ရင်းကယ်ဆယ်ရေးစခန်း လူကယ်ပြန်မှ အကူအညီမရသည်မှာ မေလကတည်းကဟုဆို

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အကူအညီမရသည်မှာ ၂ဝ၂ဝ ခုနှစ် မေလနောက်ပိုင်းကတည်းက ဖြစ်သဖြင့် ရိက္ခာအခက်အခဲရှိနေသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ ကျွန်တော်တို့စခန်းကို လူကယ်ပြန်က မေလ ၅ ရက်နေ့ နောက်ပိုင်းကစပြီး အကူအညီမရတော့ပါ။ အခုဆိုရင် နှစ်လကျော်နေပါပြီ။ အခု WFP အကူအညီတစ်ခုတည်းနဲ့ ရပ်တည်နေရတော့ ရိက္ခာ မလောက်မငှ ဖြစ်နေပါတယ်” ဟု ပြောဆိုသည်။

ပီပင်ရင်းစစ်ဘေးရှောင်စခန်းကို ၂ဝ၁၉ ခုနှစ် မတ်၂၉ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့ပြီး ၎င်းစခန်းတွင် ခိုလှုံနေကြသူပေါင်းမှာ ၂၁ဝဝ ခန့်ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့နယ် ပေါက်တောပြင်၊ ဝေသာလီ၊ လက္ကာ၊ အုတ်ဖိုကန်၊ ဘုရားကြီးနှင့် ဗူးရွက်မညိုးကျေးရွာတို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

“ စစ်ဘေးရှောင် စခန်းဆိုကတည်းက အလုပ်လို့မရဘူး။ ကယ်ဆယ်ရေးက ရိက္ခာကိုဘဲ အားကိုးနေကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က လူကယ်ပြန်က အကူအညီတွေကို ပြန်လိုချင်တယ်။ ဘာကြောင့် ရပ်ထားရသလဲဆိုတာလည်း သိချင်ပါတယ်။ လူတစ်ယောက် တစ်လ ဆန်တစ်တောင်းကျော်ကျော်လောက်ရပါတယ်” ဟု ၎င်းက ဆက်ပြောဆိုသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးဦးရဲမင်းဦးက “ မြောက်ဦးခရိုင်မှာ ကျွန်တော်တို့ ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကိုဖွင့်လှစ်ထားပါတယ်။ မြောက်ဦးခရိုင်ကနေ တစ်ဆင့် စစ်ဘေးရှောင် စခန်းတွေကို ကူညီတာတွေကို ပြုလုပ်ပါတယ်။ အသစ်ရောက်လာတဲ့သူတွေကို နှစ်ပတ်စာ ချက်ချင်း ကူညီသလို ယခင်ရှိတဲ့ ရှိရင်းစွဲ ဒုက္ခသည်တွေကိုလည်း လစာပုံမှန် ထောက်ပံ့ပါတယ်။ စစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့ ဘီလီယံနဲ့ ချီပြီး သုံးစွဲနေတယ်။ ဆန်တွေလည်း မပြတ်လပ်ရအောင် ထောက်ပံ့နေပါတယ်။ ဆန်တွေလည်း အရည်အသွေးကောင်းအောင်၊ လူတွေစားနိုင်အောင်၊ ဘာလို့လည်း ဆိုတော့ တစ်ချို့ဆန်တွေက စခန်းကို ရောက်သွားတဲ့အခါ လူတွေမစားနိုင်အောင် မဖြစ်ရအောင် ဆောင်ရွက်ပေးနေပါတယ်။ တကယ်လို့ သူတို့တွေ လူကယ်ပြန်က ထောက်ပံ့တဲ့ ဆန်ရိက္ခာမရဘူးဆိုရင် မြောက်ဦးခရိုင်ရုံးကို ဆက်သွယ်ဆောင်ရွက်ဖို့လိုပါတယ်။ အင်တာနက်လည်း ပြန်ပွင့်နေပြီဖြစ်တဲ့ အတွက် အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြဆောင်ရွက်ဖို့ ပြောလိုပါတယ်” ဟု ပြောကြားသည်။

လူကယ်ပြန်မှ ရိက္ခာများကို မြို့နယ်ထွေအုပ်ရုံးမှ တစ်ဆင့်ဖြန့်ဝေမှုပြုလုပ်သည်ဟု သိရှိရသဖြင့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

မြောက်ဦးမြို့နယ် ပီပင်ရင်းစခန်းတွင် မိုးတွင်းကာလဖြစ်သဖြင့် ဖျားနာနေသူများလည်း ရှိသဖြင့် လူကယ်ပြန်မှ ဆန်အကူအညီကို ပုံမှန်အတိုင်း ယခင်ကလို လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောကြားသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...