ရွာသူအမျိုးသမီး သေဆုံးမှု ကျူးလွန် စစ်သည်များနှင့် တာဝန်ရှိသူများကို ပြင်းထန်စွာအရေးယူမည်ဟု တပ်မတော်ပြော

ရွာသူအမျိုးသမီး သေဆုံးမှု ကျူးလွန် စစ်သည်များနှင့် တာဝန်ရှိသူများကို ပြင်းထန်စွာအရေးယူမည်ဟု တပ်မတော်ပြော

ဖာပွန်မြို့နယ်၊ ပိုလိုးထာကျေးရွာသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုအတွက် ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သော တပ်မသားနှစ်ဦးနှင့် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂၀ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံသည့် တရားခံစစ်သည် နှစ်ဦးအား ဘီးလင်းတပ်နယ်စစ်ဘက် အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် တရားခံ စစ်သည်နှစ်ဦး ထွက်ပြေးပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အားသက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့်တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်းစစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ဇူလိုင်လ ၁၆ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဖြစ်စဉ်ကို ဇူလိုင်လ ၁၉ ရက် နေ့တွင် သတင်းရရှိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေသို့ တာဝန်ရှိသူများစေလွှတ် စုံစမ်းဖော်ထုတ်ခဲ့ရာတပ်သားအဆင့် ဟိန်းမင်းထက် နှင့် သန်းစိုးလွင် ဆိုသူနှစ်ဦးမှာ စခန်း၏ ခွင့်ပြုချက်မယူဘဲ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဒေသ ခံ ရွာသား (၃)ဦးနှင့်အတူ အပစ်ခံရသူ အမျိုးသမီး၏ နေအိမ်အရက်ပုန်းဆိုင်၌ အရက်သေစာ သောက်စားခဲ့ကြောင်း ကနဦး ရှင်းလင်းဖော်ပြထားသည်။

ထို့နောက် အမူးလွန်သွားသော တပ်သားနှစ်ဦးအနက် တပ်သားသန်းစိုးလွင်မှ အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထား သည့် ရွှေဆွဲကြိုးအား မတော်မတရား ရယူရန်ရည်ရွယ်ချက်ဖြင့် လုယူရာတွင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ တပ်မတော်သားကိုင်ဆောင်ထားသော သေနတ်မှာ ကျည်ပေါက်ထွက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ထိမှန်သေဆုံးခဲခြင်းဖြစ်ကြောင်း ၎င်းတပ်သား နှစ်ဦးမှာထွက်ပြေးသွားပြီး ဇူလိုင်လ ၁၇ရက်တွင် စခန်းသို့ ပြန်လည်ဝင်ရောက်အဖမ်းခံခဲ့ကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။

သို့သော် ဖြစ်စဉ်အပေါ် တပ်မတော်၏ ရှင်းလင်းထုတ်ပြန်ချက်ပါ ဖြစ်စဉ်အကြောင်းအရင်းများနှင့် ကရင်အရပ် ဖက်အဖွဲ့အစည်းများနှင့် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)၏ ထုတ်ပြန်ချက်ပါ ဖြစ်စဉ် အကြောင်း အရင်းများမှာ ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။

အရပ်ဖက်အဖွဲ့နှင့် KNU ၏ ထုတ်ပြန်ချက်ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့ နယ်၊ ပိုလိုးထာကျေးရွာနေ အသက်(၄၀)နှစ်အရွယ် နော်မုနော်ဆိုသူ အမျိုးသမီးကို ခိုးသွီးထာ (လှဂွန်းပျို) ကျေးရွာအ ခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သား နှစ်ဦး ဖြစ်သော မောင်သန်းမိုးလွင်နှင့် မောင်အေးမင်းသူဆိုသူ တပ်သားနှစ်ဦးမှ အိတ်အလွတ်တောင်းယူရာတွင် မရှိ ကြောင်းပြောဆိုရာမှ သေနတ်ဖြင့် (၃)ချက် ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့သည်ဟု ဆိုထားသည်။

၎င်းဖြစ်စဉ်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ကျူးလွန်သူများကို စုံစမ်းစစ်ဆေး၍ ထိရောက်စွာအရေးယူ ဆောင်ရွက်ရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများက သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြသလို KNU တပ်မဟာ (၅)မှ လည်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ထံသို့ တိုင်ကြား စာပေးပို့ခဲ့သည်။

ယခုဖြစ်စဉ်အပါအဝင် ဖာပွန်ဒေသတွင် ယခုနှစ်မတ်လအတွင်း၌လည်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား တစ်ဦးနှင့် KNU၏ သစ်တောဌာန ဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ကျူးလွန်သူများမှာ ပြစ်ဒဏ်ပေးခံရခြင်းမရှိသည့် ဖြစ်စဉ်များရှိခဲ့ခြင်းကြောင့် လက်ရှိဖြစ်စဉ်တွင်လည်း အလားတူ ပြစ်ဒဏ်ကင်းလွှတ်ခွင့်ရကြမည်ကို စိုးရိမ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောသည်။

KHRG ဒါရိုက်တာ နော်ထူးထူးက “စစ်ဘက်ဆိုင်ရာတရားဥပဒေနဲ့ သွားမယ်ဆိုရင် ကျမတို့ စိုးရိမ်တာက အရင်က ဖြစ်စဉ် တွေလို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတာမျိုးကို ကျမတို့ မလိုလားဘူး။ တရားစီရင်ရေးကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ ဘက်လိုက်မှုမရှိဘဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိဖြစ်စဉ်သည် အကြောင်းမဲ့ပစ်သတ်ခြင်းဖြစ်သလို တပ်မတော်ဘက်မှ NCA ကို ချိုးဖောက်ခြင်းဖြစ်ပြီး  တပ်မတော် နှင့် အစိုးရအနေဖြင့် NCA ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ NCA အပေါ် အများပြည်သူ၏ ယုံကြည်မှုလျော့နည်းစေခြင်းကြောင့် နော်မုနော် သေဆုံးမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်ကြောင်းလည်း KHRG က ဇူလိုင် ၂၀ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

ထို့အတူ နော်မုနော် သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၊ ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)၊ KNU Concerned Group၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် KNU တပ်မဟာ (၅)တို့က သဘောထားအသီးသီး ထုတ်ပြန်၍ ကန့်ကွက်ရှုတ်ချခဲ့သလို ဂျပန် နိုင်ငံရောက် ကရင်တိုင်းရင်းသားများလည်း ရှုတ်ချဆန္ဒထုတ်ဖော်မှု အစီအစဉ်တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...