ခေါင်လန်ဖူးဒေသ သတ္တုတူးဖော်မည့်အစီစဉ်ကို Fortuna Metals ကုမ္ပဏီဘက်က ရပ်နားထား

ခေါင်လန်ဖူးဒေသ သတ္တုတူးဖော်မည့်အစီစဉ်ကို Fortuna Metals ကုမ္ပဏီဘက်က ရပ်နားထား
AMOLA Shvngkà Mvdò လူမှုစာမျှက်နှာတွင် ဖော်ပြထားသော ခေါင်လန်းဖူးရှိ သတ္တုတူးဖော်ရေး စီမံကိန်းများကို ကန့်ကွက်သည့် ဓါတ်ပုံ
AMOLA Shvngkà Mvdò လူမှုစာမျှက်နှာတွင် ဖော်ပြထားသော ခေါင်လန်းဖူးရှိ သတ္တုတူးဖော်ရေး စီမံကိန်းများကို ကန့်ကွက်သည့် ဓါတ်ပုံ

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃သိန်းကျော်တွင် သတ္တု၊ ကြေးနီတူးဖော်မည့်အစီစဉ်ကို ရပ်ဆိုင်းထားရန် Fortuna Metals Company ကစာတင်ထားသည်ဟု ဇူလိုင်လ ၁၇ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် က ပြောသည်။

“Fortuna Metals ကုမ္မဏီကနေ သတ္တုတူးဖော်ရှာဖွေရေး (Exploration) ဘယ်နေရာမှာဘာရှိတယ်။ စမ်းသပ်လုပ်မယ်ဆိုပြီး ကျနော်တို့ ကချင်ပြည်နယ်အစိုးရကိုလာပြီးတော့ ရှင်းပြတယ်။ ဒါပေမယ့်ကျနော်တို့က ပြည်ထောင်စုအစိုးရက သဘောတူမှ ဖြစ်မှာကို။ ဒါကို Facebook ပေါ်မှာ ဒီဟာတော့တရုတ်ကဘာဖြစ်တယ်။ ညာဖြစ်တယ်။ ရောင်းစားကုန်ပြီးပြောနေကြတာ တစ်ကယ်တော့ Fortuna Metals ကုမ္မဏီက မြန်မာနိုင်ငံအခြေစိုက်ဟုတ်တယ်။ စင်ကာပူမှာအခြေစိုက်တယ်။ သြစတေးလျမှာ အခြေစိုက်တာဖြစ်တယ်။ ဒါကိုကျနော်တို့မရောင်းစားပါဘူး။ လက်ရှိလည်း သူတို့လုပ်မယ့်နေရာ ဧက ၁သိန်းကျော်မှာ တောင်သူတွေရဲ့လယ်မြေတွေပါနေတဲ့အတွက် ရပ်ဆိုင်းထားပါပြီ။” ဟု ဝန်ကြီးချုပ်ဒေါက်တာခက်အောင် က အဆိုပါ သတင်းစာရှင်းလင်းပွဲပြောဆိုသည်။

Fortuna Metals ကုမ္မဏီက ၎င်းတို့လျှောက်ထားသည့် မြေနေရာတွင် ဒေသခံများ၏ လယ်ယာမြေ၊ ခြံများ ပါရှိနေသည့်အတွက် ရပ်နားစာကို လွန်ခဲ့သည့်လတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်သွားကြောင်း ၎င်းကဆက်ပြောသည်။

ခေါင်လန်ဖူးမြို့နယ်တွင်းရှိ မြေဧက ၃သိန်းကျော်တွင် ရွှေနဲ့သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် စမ်းသပ်တူးဖော်ခွင့်ကို Fortuna Metals ကုမ္မဏီက လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အစိုးရထံ လျှောက်ထားခဲ့သည်။

ကုမ္မဏီဘက်မှ လျှောက်ထားသည့်အဆိုပါမြေနေရာတွင် ရဝမ်ပြည်သူ့စစ်အဖွဲ့ ဦးတန်ဂူးတန်အဖွဲ့လျှောက်ထားသည့် မြေဧက ၆၀၀ ပါရှိနေသည့်အပြင် ဒေသခံဘက်မှလည်း ၎င်းတို့၏မြေနေရာများပါဝင်နေသည့်အတွက် ကန့်ကွက်မှုများရှိခဲ့သည်။

သို့သော်ပြည်နယ်အစိုးရ၏ ညှိနှိုင်းဖြန်ဖြည်ပေးမှုကြောင့် ရဝမ်ပြည်သူ့စစ်အဖွဲ့သည် ကန့်ကွက်မှုများ ရုတ်သိမ်းခဲ့သော်လည်း ဒေသခံများက ဆက်လက်ကန့်ကွက်နေဆဲဖြစ်သည်။

“ခေါင်လန်ဖူးဒေသက တစ်ခြားနေရာနဲ့မတူဘူး။ တောင်စောင်တွေပိုများတယ်၊ ပြီးတော့ ဇီဝမျိုးစိတ်တွေလည်းများတယ်။ ဒါပေမယ့် ခေါင်လန်ဖူးဒေသက လူတွေက Fortuna Metals ကုမ္မဏီက ဒီလိုသတ္တုစမ်းသပ်ရှာဖွေဖို့ မြေတွေလျှောက်ထားတယ်ဆိုတာ သိပေမယ့် ဘယ်လောက်ဧကလဲဆိုတာတော့မသိကြဘူး။ ခုနောက်ပိုင်းမှ သူ့ရဲ့ဆိုးကျိုးကောင်းကျိုးတွေလည်း သိလာကြပြီးတော့ ကန့်ကွက်နေကြတာပါ။ ရဝမ်စာပေယဉ်ကျေးမှုအဖွဲ့အပါအဝင် ဒေသခံတွေကော နေပြည်တော်ထိ စာတင်ကြတာတော်တော်များနေပြီ။ အစိုးရကနေခွင့်ပြုရင်လည်း ဝင်လို့ကိုရမှာမဟုတ်ဘူး။ အဲကြောင့် ကုမ္မဏီလည်းနောက်ဆုတ်သွားတာဖြစ်နိုင်ပါတယ်။ ခုလိုနောက်ဆုတ်သွားတယ်ဆိုတာသိရတော့ ရမ်းဝမ်းသာပါတယ်။” ဟု Norther Spectrum Youth Association-NSYA အရပ်ဘက်အဖွဲ့စည်းမှ ဥက္ကဌ ဦးဖုန်ရော့ဖီနန် ကဆိုသည်။

ကုမ္မဏီဘက်မှ ရပ်နားမည်ဟု စာတင်ထားသော်လည်း ခေါင်လန်ဖူးဒေသခံမှ လူငယ်များနှင့်ချိတ်ဆက်ပြီး ဒေသခံများကောင်းကျိုးအတွက် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Fortuna Metals ကုမ္ပဏီနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက ကန့်ကွက်ရန်အစီစဉ်မရှိဟု ပြည်ထောင်စုအစိုးရထံ မှတ်ချက်ပေးခဲ့ဖူးကြောင်း အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမှုများမှ သိရသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...