မြန်မာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ

မြန်မာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ

နှစ်ဖက် bilateral အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲကာလမှာ တိုက်ပွဲဖြစ်ပွါးမှု မရှိသလေက်ဖြစ်နေသော ကချင်ပြည်နယ်တွင်မြန်မာ အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဇွန်လ (၂၉)ရက်၊ တနင်္လာနေ့ က ကချင်ပြည်နယ်အလယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားလာသည်ဟုသိရသည်။

KIA တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း (၅) နယ်မြေအတွင်း KIA စခန်းများရှိရာသို့ တပ်မတော် စစ်ကြောင်း နှစ်ကြောင်း ထိုးစစ်ဆင်လှုပ်ရှားခြင်းကြောင့် တနင်္လာနေ့ နံနက်ပိုင်း မိနစ် ၃၀ခန့်ကြာ La Mai Yang တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဆိုသည်။

 

“တပ်မတော် စစ်ကြောင်းတွေ ဝင်လာတော့ တိုက်ပွဲ အချိန်တို ဖြစ်ပွားခဲ့တယ်။ KIA ဘက်က မိုင်း ၂ ကြိမ်၊ ၃ ကြိမ် လောက်ဖောက်ခွဲတာမျိုး၊ လက်နယ်ငယ်တွေနဲ့ အနည်းငယ်ပစ်ခတ်တာမျိုး လောက်ပဲ ပြုလုပ်ပြီး စခန်းကို ဖယ်ပေးလိုက်ပါတယ်” ဟု KIA အရာရှိ တစ်ဦးပြောပါသည်။

KIA တပ်ရင်း (၅) Ga Hkyeng Bum နယ်သို့ ထိုးစစ်ဆင်လာသော တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉) နှင့် ၎င်းတပ်ဖွဲ့၏ စစ်ကူအဖြစ် ဝင်လာသော တပ်မတော် ခြေလျင်တပ်ရင်း (၂၃၇) တို့ကို KIA အဖွဲ့ ခုခံတိုက်ခိုက်ရာမှ နံနက် (၁၀)နာရီခွဲ မှ (၁၁)နာရီကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO ၏ The Kachin Net သတင်းတွင် ကချင်ဘာသာလို တနင်္လာနေ့ ဖော်ပြထားသည်။

ဇွန်လ (၂၂)ရက်နေ့ကလည်း လွယ်ဂျယ်မြို့အနီး တရုတ်- မြန်မာနယ်စပ် လမ်းမပေါ်ရှိ KIO COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို လွယ်ဂျယ်မှ တပ်မတော် စစ်ကြောင်း ဝင်လာပြီး ဖယ်ရှားဖျက်ဆီးခဲ့သည်။ ၎င်းနေ့ အဆိုပါ မြန်မာစစ်တပ် နှင့် KIA တပ်ရင်း (၁) တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်လို့နီးပါး စစ်ရေး တင်းမာခဲ့သည်ဟု သိရသည်။

ဇွန်လ လဆန်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း KIA စခန်းများသည် တပ်မတော် စစ်ကြောင်းများ၏ လိုက်လံတိုက်ခိုက်ခြင်း ခံနေရပါသည်။ ထို့ကြောင့် တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်း စစ်ကြောင်းများ နှင့် KIA တပ်ဖွဲ့ကြား မူဆယ်မြို့နယ် Htan Hpa Bum (ထန်းဖာဘွမ်) ဇွန်လ (၆-၇)ရက်များတွင်သော်လည်းကောင်း ကွတ်ခိုင်မြို့နယ် Kaleng (ကာလိုင်) ဒေသတွင် ဇွန်လ (၁၆)မှ (၂၁)ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ တားဆီးရေး လုပ်ဆောင်နေသည့်ကာလမှာ တပ်မတော်က ၎င်းတို့ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သည့် ရခိုင် AA အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲမှလွဲပြီး ကျန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နယ်မြေ၊ ဒေသအားလုံးမှာ မေလ (၁၀)မှ သြဂုတ်လ (၃၁)ရက်ထိ စစ်ပွဲရပ်လိုက်ကြောင်း မေလ (၉)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တပ်မတော်၏ ရှမ်းပြည်မြောက်ပိုင်းမှာ ‘နယ်မြေရှင်းလင်းရေး’ လုပ်ဆောင်စဉ် KIA အဖွဲ့နှင့် ‘ထိတွေ့တိုက်ပွဲ’ ဖြစ်ကြောင်း ပြောကြားချက်သည် မဟုတ်မှန်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ‘ထိုးစစ်ဆင်တိုက်ခိုက်ခြင်း’ ဖြစ်ကြောင်း လိုင်ဇာမှ KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘို က ကချင်သတင်းဌာန KNG ကို ပြောသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...