၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်းက ကောက်ခံခဲ့သည့် မဲဆန္ဒရှင်စာရင်းများအရ မှတ်ပုံတင်ဖြည့်သွင်းရန် လူငါးသောင်းကျော်ကျန်ရှိနေကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက သိရသည်။
ရွေးကောက်ပွဲအတွက် မြို့နယ်ကော်မရှင်က မဲစာရင်းပြုစုပြီး ခရိုင်၊ ပြည်နယ်နဲ့ UEC အထိ တင်ရကြောင်း၊ UEC မှ မဲဆန္ဒရှင်များကိုင်ဆောင်သည့် မှတ်ပုံတင်လက်မှတ်နေရာတွင် ကွက်လပ်များဖြစ်နေသည့်အတွက် သက်ဆိုင်ရာ လ၀ကကို ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးရန် အဆင့်ဆင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ရေးမြို့နယ်အနေဖြင့် မဲဆန္ဒရှင် နှစ်သိန်းနှင့် ခုနှစ်ထောင်ကျော်အနက် မှတ်ပုံတင်အကွက်တွင် ကွက်လပ်ဖြစ်နေပြီး ဖြည့်သွင်းရန်လိုအပ်နေသူပေါင်း ၅၄၆၉၅ ဦးရှိကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က သံလွင်တိုင်းမ်ကို ပြောသည်။
မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က '' အဲဒါကို ပြန်လည်ရှင်းပြရမယ်ဆိုရင် ၂၀၁၉ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေပြုစုဖို့ဆိုပြီးတော့ ပြည်နယ်မှာ သွားရောက်သင်တန်းတက်ခဲ့ပါတယ်၊ ကော်မရှင်၊ ထွေအုပ်၊ လ၀ကပါတယ်၊ ပြီးတော့ မြို့နယ်မှာ ဆင့်ပွားသင်တန်းပြုလုပ်ပါတယ်၊ အဲဒီဆင့်ပွားသင်တန်းမှာ ရပ်ကျေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာကော်မရှင်အဖွဲ့၊ စိတ်ဝင်စားသူဆိုပြီး တစ်ရွာမှာ (၅)ဦးစီးပေါ့၊ သူတို့တွေကနေပြီးတော့ အဲ့ ၃ လမှာ ကောက်ခဲ့ပေမယ့် ရေးမှာ ရေကြီးမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့အတွက် စာရင်းတွေကို စက်တင်ဘာလောက်မှာမှ ချုပ်ပြီး ရယူနိုင်ခဲ့ပါတယ်၊ ရှိတဲ့သူကို တွေ့တဲ့သူကိုကောက်တာဖြစ်တဲ့အတွက် သူတို့စာရင်းကို ရှိကောက်စာရင်းလို့ခေါ်တယ်၊ အဲ့စာရင်းမှာ မဲဆန္ဒရှင်တွေကိုင်ဆောင်တဲ့ မှတ်ပုံတင်စာရင်းမှာ ကွက်လပ် ၅၄၆၉၅ ဦးပါလာတာကိုတွေ့ရတယ်၊ အဲဒီလူတွေဟာ တကယ်နိုင်ငံသားကတ်မရှိဘူးလားမေးရင် နိုင်ငံသားကတ်ရှိတဲ့သူလည်း ရှိနေပါတယ်၊ အဲဒါကြောင့် မေလ ၂၃ ကစပြီး ရုံးပိတ်ရက်တိုင်းမှာ ကျွန်တော်တို့လဝကဝန်ထမ်းတွေအနေနဲ့ ရေးမြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာအုပ်စု ၄၄ အုပ်စုကို ကွင်းဆင်းဖြည့်စွက်လျက်ရှိနေပါတယ် '' ဟု ပြောသည်။
'' ဖြည့်စွက်တဲ့နေရာမှာ နိုင်ငံသားကတ်ပြောနိုင်တဲ့သူပေါ်လာပါတယ်၊ ပေါ်လာရင် အဲဒီကွက်လပ်နေရာမှာ ရေးသွင်းပါတယ်၊ အချို့ နိုင်ငံသားကတ်မလုပ်ဘဲနဲ့ ၃ ခေါက်ချိုးတွေပါလာရင်လည်း ရေးသွင်းပါတယ်၊ အဲဒီရေးသွင်းတဲ့အချိန်မှာ အဲဒီကွက်လပ်ဖြစ်နေတဲ့သူတွေရဲ့
နေရာမှာ ပြန်လည်စိစစ်ချက်အရ အချို့က သေသွားတယ်၊ အချို့ ဘုန်းကြီးဝတ်နေတာတို့၊ နောက်တစ်ခုက မဲဆန္ဒရှင်နာမည်ထပ်နေတာကိုလည်းတွေ့ရပါတယ်၊ အသက် ၁၈ နှစ်အောက်ပါလာတာလည်းရှိတယ်၊ အခြားဒေသကိုပြောင်းသွားတဲ့ ရွှေ့ပြောင်းတွေပါတယ်၊ ပြည်ပကိုသွားတဲ့သူတွေအများကြီးရှိတာကိုလည်း တွေ့ရပါတယ်။ မဲစာရင်းမှာတွေ့ပေမယ့် ဘယ်သူတွေ ဘယ်ဝါတွေမသိသူတောင်ပါလာတယ်။ ဆယ်အိမ်မှူး ရာအိမ်မှူးတောင်မသိတဲ့သူတွေပါလာတယ်၊ စိတ်မနှံ့သူလည်း တွေ့ရပါတယ်'' ဟု ဦးမျိုးခိုင်က ဆက်လက်ပြောသည်။
စိမ်းလန်းမွန်မြေအဖွဲ့မှ ညှိနှိုင်းရေးမှူး မင်းစိုးသိမ်းက '' ရွေးကောက်ပွဲဟာကတော့ နိုင်ငံသားတိုင်းရဲ့အခွင့်အရေးပါ၊ နိုင်ငံသားတစ်ယောက်မှာ မဲတစ်မဲပဲ ပေးခွင့်ရှိတာကိုလဲ လက်ခံထားရမယ်။ လူတစ်ဦးမှာ မဲ ၂ နေရာ ပေးခဲ့မယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ မဲစာရင်းပြုစုရာမှာ လက်တမ်း မျက်မှန်းနဲ့ စာရင်ကောက်မယ်ဆိုရင် ဘယ်လိုမှ တိကျမှာမဟုတ်ဘူး။ အငြင်းပွားမှုတွေလဲရှိနိုင်မယ် '' ဟု သံလွင်တိုင်းမ်ကို ပြောသည်။
လဝကဌာနတစ်ခုတည်းဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်သည့်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် လဝကဝန်ထမ်းများ မှတ်ပုံတင်ကွက်လပ်ဖြည့်ခြင်းလာရောက်ဆောင်ရွက်ပါက သက်ဆိုင်ရာ ရပ်/ကျေးများနှင့် ကျေးရွာကော်မရှင်များပူးပေါင်းဆောင်ရွက်ရန် စာထုတ်ပြန်ထားပေးကြောင်း သိရသည်။







