အတိုင်ပင်ခံ၏ ထုတ်ပြန်ချက် တပ်ဘက်ကို ထောက်ပြမထား၍ ချင်းအဖွဲ့အစည်းအချို့ ဝေဖန်

အတိုင်ပင်ခံ၏ ထုတ်ပြန်ချက် တပ်ဘက်ကို ထောက်ပြမထား၍ ချင်းအဖွဲ့အစည်းအချို့ ဝေဖန်

နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဧပြီ ၂၁ရက် ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော် (AA) ဘက်ကိုသာ ထောက်ပြထားပြီး မြန်မာ့တပ်မတော်ဘက်ကို ထောက်ပြထားခြင်း မရှိသဖြင့် မျှတမှုမရှိကြောင်း ချင်းအဖွဲ့အစည်းအချို့က ဝေဖန်ကြသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပြည်သူများအတွက် ရိက္ခာဆန်များကို ဧပြီ ၁၉ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သဖြင့် ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီ ထုတ်ပြန်ချက်က တစ်ဘက်ကနေကြည့်ရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် AA ဘက်ကို ထောက်ပြသလိုမျိုး မြန်မာ့တပ်မတော်ဘက်ကိုလည်း အညီအမျှ မဟုတ်နိုင်ရင်တော့ အနည်းအကျဉ်းတော့ ထောက်ပြသင့်တယ်လို့ ကျနော်မြင်တယ်"ဟုလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

ထုတ်ပြန်ချက်မှာ ထောက်ပြမှုအပိုင်းတွင် လိုအပ်ချက် ရှိနေကြောင်း၊ တပ်မတော်၏ လေကြောင်းပစ်ခတ်မှုကြောင့် တစ်လအတွင်း လူသုံးဆယ်ဝန်းကျင် သေဆုံးခဲ့ရခြင်းမျိုးကိုလည်း ထောက်ပြသင့်သည်ဟု မြင်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

"(တပ်နှင့် AA ) နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှုကို ကျူးလွန်ထားတာဖြစ်တဲ့အတွက် နှစ်ဘက်စလုံးကို တန်းတူထောက်ပြသင့်တယ်လို့မြင်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

ယင်းထုတ်ပြန်ချက်တွင် ULA/AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံ  တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ပါဝင်သည်။ ထို့ပြင် အရပ်သားများ သေဆုံး/ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ကြားသိရသည့်အတွက် များစွာ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း၊ ၎င်းတို့နှင့် မိသားစုဝင်များအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပါဝင်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆန်နှင်းလျန်က “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပလက်ဝကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်၊ ကြိုလည်းကြိုဆိုတယ်၊ ဒါပေမယ့် ထုတ်ပြန်ချက်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် သိပ်အားမကောင်းဘူးလို့မြင်ရတယ်”ဟု ပြောသည်။

ဆက်လက်၍ ဆန်နှင်းလျန်က "ဒီကိစ္စက ၅နှစ်လောက်ဖြစ်ပွားနေတဲ့ကိစ္စဖြစ်တယ်၊ အဲဒီအပေါ်မှာ ဘာမှလုပ်ပေးတာမရှိသေးဘူး၊ ဒီကိစ္စပြီးသွားရင် ငြိမ်းချမ်းသွားရင် လုပ်ပေးမယ် ဆိုတဲ့ပုံစံမျိုးပါတဲ့အတွက် ရင်နာစရာကောင်းတယ်၊ နောက်ပြီးတော့ ပလက်ဒေသခံတွေ ကြုံတွေ့နေရတဲ့ သေဆုံးဒဏ်ရာရမှုတွေမှုတွေအတွက် သူတို့မှာလည်းတာဝန်ရှိတယ်၊ သူသုံးသွားတဲ့ စကားလုံးတွေမှာဆိုရင် ငြိမ်းချမ်းသွားရင်ဆိုတဲ့ဟာမျိုး တပ်မတော် စစ်သားတွေကို ချီးကျူးထားတာမျိုးတွေ့ရတာ တကယ်စိတ်မကောင်းစရာဖြစ်တယ်"ဟု ဖြည့်စွက်ပြောသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့်AA တိုက်ပွဲများဖြစ်ပွားရာ တပ်မတော်ဘက်မှ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုများကြောင့် မိတ်ဆာဝ၊ ဝက်မ၊ နန်းချောင်းဝ၊ ဘောင်ဝနှင့် စိမ်းစင်းကျေးရွာများမှ ပြည်သူ ၂၉ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၄ဝဦးခန့် ထိခိုက်ဒဏ်ရာရကာ အိမ်အလုံးရေ ၅ဝနီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ ဧပြီ ၂၂ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ပွဲများကြောင့် ကျေးရွာများမှ ဒေသခံများမှာ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ ဆမီးတွင်  ၂၈၀၀  ပလက်ဝတွင် ၃၆၅၇ ဦး ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...