တီးတိန်မြို့ကို Lock Down ချရန် ချင်းပြည်နယ်အစိုးရ ဆုံးဖြတ်

တီးတိန်မြို့ကို Lock Down ချရန် ချင်းပြည်နယ်အစိုးရ ဆုံးဖြတ်

Salai C.Lian - COVID-19 ရောဂါ ပိုးတွေ့လူနာ ၄ ဦးရှိသည့် ချင်းပြည်နယ် တီးတိန်မြို့တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် Lock Down ချရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦး စိုးထက်ကပြောသည်။

“တီးတိန်၊ တွန်းဇံ၊ ကပ်တဲလ်၊ တွီးထန်ကို အလေးထားပြီး ဒီတိုင်းပဲ ဆက်ထားဖို့ ရှိသေးတယ်၊ ၁၄ ရက်ပြည့်တိုင်း လွှတ်ဖို့တော့ မဟုတ်ဘူးပေါ့၊ Lock Down လုပ်ဖို့ကလည်း အခြားသွားရေးလာရေးအတွက် အခက်အခဲတော့ ရှိတာပေါ့၊ ဒါပေမဲ့ မဖြစ်မနေတော့ တီးတိန်ကိုတော့ Lock Down လုပ်ဖို့ ပြင်ဆင်နေတယ်။ အခြားလိုအပ်တဲ့ ရေတို့၊ မီးတို့ ပြည့်စုံအောင် ကျွန်တော်တို့ ပြင်ဆင်နေတယ်၊ အသွားအလာ အကုန်လုံးတော့ ပိတ်ရမယ် မထင်ဘူး၊ Lock Down ချမှသင့်မယ်ဆိုပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တော့ ချထားတယ်” ဟု ပြောသည်။

တီးတိန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလူနာ လက်ရှိ၄ ဦးအပြင် စောင့်ကြည့်လူနာများ စစ်ဆေးချက်တွင် တွေ့ရှိ ထပ်မံတိုးလာပါက Lock Down ချသွားရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦးစိုးထက်က “လက်ရှိစောင့်ကြည့် လူနာစစ်ဆေးချက် ထွက်လာတဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရမှာပေါ့၊ ရန်ကုန်ကို ပို့တဲ့ စစ်ဆေးချက်တွေ တိုးလာရင်တော့ Lock Downချဖို့တော့ လိုနေတယ်။ အဲဒီမှာ ရေကလည်း လောလောဆယ် လိုအပ်ချက်တွေကို ရေတင်ကားနဲ့ မီးသတ်ကားတွေ ကရေဝေပေးနေတယ်၊ ရေရရှိဖို့ ၄ နေရာတော့ရှိပေမဲ့ တောထဲကနေ ရေယူရမှာဆိုတော့ အချိန် သုံးလလောက်လိုတယ်။ ပြီးတော့ လျှပ်စစ်မီးအသုံးပြုပြီးရေစုနိုင်မယ်။ လျှပ်စစ်မီးကို တစ်မြို့လုံးကိုတော့ မပေးနိုင်ပေမဲ့ မီးစက်သုံးပြီး ဆေးရုံကိုတော့ ၂၄ နာရီမီးပေးတယ်” ဟု ပြောသည်။

တီးတိန်မြို့Lock Down ချပါက အစိုးရအနေဖြင့် ရဲဝန်ထမ်းများ ထပ်မံဖြည့်ပေးဖို့နှင့် ပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်များ ပြင်ဆင်ဖို့ လိုအပ်ကြောင်း တီးတိန်မြို့အခြေစိုက် Volunteer လူငယ်တစ်ဦးဖြစ်သူ ကိုမုန်နိုးက ပြောသည်။

ကို မုန်နိုးက “ကျွန်တော်တို့ တီးတိန်မြို့ကို Lock Down ချလိုက်ရင်တော့ အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေကို ပြင်ဆင်ဖို့လိုတယ်၊ ပြီးတော့ ကျွန်တော်တို့မြို့မှာ ရဲအင်အားကလည်း ထပ်ဖြည့်ပေးဖို့ လိုတယ်၊ ပြီးတော့ ဆေးရုံမှာက မီးစက် ၂ လုံးထားရှိပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ မဖြစ်နိုင်လောက်ဘူး၊ အဲဒါတွေက အဓိက လိုအပ်တာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀ ကျော်လာပြီး ပြန်သက်သာသူ ၇ ဦး၊ သေဆုံးသူ ၅ ဦး ရှိကြောင်း ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...