ကိုရိုနာ ဗိုင်းရက်စ် ဂယက်ကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းအချို့ ရပ်နားထားရမှု ကြုံတွေ့နေရပြီး စီးပွားရေး ကျဆင်းလာသည့်အတွက် ဘဏ်တိုးများကို လာမည့် ဧပြီ ၁ ရက်နေ့မှ စ၍ တစ်လအတွင်း ဒုတိယအကြိမ် လျှော့ချသွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ငွေစုဘဏ်စာရင်း၊ အချိန်စေ့မှ ထုတ်ပေးရသည့် ငွေစုစာရင်းများ၏ ဘဏ်တိုးနှုန်းကို ဘဏ်များအနေဖြင့် ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ) ရာခိုင်နှုန်း အကြား လျှော့ချ သတ်မှတ်ရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဘဏ်များ အနေဖြင့် ချေးငွေအပေါ် အတိုးနှုန်းကို ၁၁ ဒသမ ၅ ရာခိုင်နှုန်းအောက်သာ ကောက်ခံရန် လျှော့ချသတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။
ယခင်က ဘဏ်များတွင် စုဆောင်းငွေများအတွက် ဘဏ်တိုးနှုန်းကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေအတွက် ဘဏ်တိုးနှုန်းကို ၁၃ ရာခိုင်နှုန်း ကောက်ယူရန် သတ်မှတ်ထားသည်။ သို့သော် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အခက်ကြုံလာသည့်အတွက် မတ် ၁၂ ရက်နေ့တွင် ဘဏ်တိုး ၉ ဒသမ ၅ရာခိုင်နှုန်းနှင့် ချေးငွေ အတိုးနှုန်းကို ၁၂ ဒသမ ၅ ရာခိုင်နှုန်းသို့ အသီးသီး လျှော့ချခဲ့သည်။
ဘဏ်တိုးနှုန်းကို ယခုလို ဒုတိယအကြိမ် ၁ ရာခိုင်နှုန်း လျှော့ချလိုက်သည့်အတွက် တစ်လအတွင်း ဘဏ်တိုးနှုန်းများ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ အသီးသီးလျှော့ချသွားပြီးဖြစ်သည်။
ဘဏ်တိုးနှုန်းများလျှော့ချရန် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များက ဖေဖော်ဝါရီလအတွင်းက တောင်းဆိုခဲ့ပြီးနောက် ယခုလို ဆက်တိုက် လျှော့ချလာခြင်း ဖြစ်သည်။







