ပလက်ဝတွင် တိုက်ပွဲ ဆက် ပြင်းထန်နေက တိုက်ပွဲရှောင် ပို များပြားကာ လိုအပ်ချက် မြင့်တက်လာနိုင်ဖွယ် ရှိ

ပလက်ဝတွင် တိုက်ပွဲ ဆက် ပြင်းထန်နေက တိုက်ပွဲရှောင် ပို များပြားကာ လိုအပ်ချက် မြင့်တက်လာနိုင်ဖွယ် ရှိ

Salai Khup Khup - ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ပွဲများ ဆက်လက် ပြင်းထန်နေပါက ဆမီးမြို့တွင် တိုက်ပွဲရှောင် ပြည်သူ တိုးလာမည်ဖြစ်ပြီး ဦးရေ သုံးထောင်ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။



“ပြိုင်တိန်းရွာအထက်က ရွာ တော်တော်များများက လာဖို့ ရှိတယ်။ ၂၀၀၀ နဲ့ ၃၀၀၀ ကြား ရှိလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ အခုတောင် ၂၀၀၀ ကျော်နေပြီ”ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။



မတ်လ ၁၇ ရက်နေ့က ပလက်ဝမြို့နယ် ကျေးရွာ ကိုးရွာမှာ နယ်မြေလုံခြုံမှု မရှိတော့သဖြင့် နေရပ်စွန့်ခွာသူ လူဦးရေ ၁၅၀၀ ဝန်းကျင် ပလက်ဝမြို့နှင့် မတူပီမြို့ကြား ဆမီးမြို့သို့ ပြောင်းရွှေ့လာကြောင်း၊ မတ်လ ၁၈ ရက်နေ့တွင် လူဦးရေ ၂၁၀၀ ပြည့်ခဲ့ပြီး ရိက္ခာအဖြစ် ပြည်နယ်အစိုးရက ပလက်ဝမြို့သို့ လှူဒါန်းထားသည့် ဆန်များကို စားသုံးနေကြောင်း သိရသည်။



ဆလိုင်းမျိုးထိုက်က “ပလက်ဝမြို့ကို ပို့လို့ မရတဲ့ ဆန်အိတ်ပေါင်း ငါးရာလောက် ရှိတယ်။ အဲဒါ သုံးနေတယ်။ ပြည်နယ်အစိုးရကလည်း သုံးလစာ စားနပ်ရိက္ခာကိုကူညီပံ့ပိုးပေးဖို့လုပ်နေတယ်။ဆီ၊ဆားစတဲ့အသုံးအဆောင်တွေကိုတော့မြို့ပေါ်မှာရှိတဲ့ပြည်သူတွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကူညီပေးတယ်”ဟု ပြောသည်။



အဆိုပါဒေသခံများမှာ နယ်မြေလုံခြုံမှုအခြေအနေအရ တိမ်းရှောင်လာကြရသဖြင့် အဝတ်အထည် ပါမလာခဲ့သူများလည်း ရှိနေကြောင်း မတူပီ ချင်းလူငယ်အဖွဲ့  ဥပဒေရေးရာနှင့် ပြန်ကြားရေး တာဝန်ခံ ဆလိုင်းထန်းကီးက ပြောသည်။



“အဲဒီမှာ လိုအပ်တာ အများကြီးပဲ။ အရေးပေါ်က ဆန် လိုအပ်တယ်။ အဲဒီမှာ ဆန်အိတ် ၃၀၀ ပဲ ရှိတယ်။ တစ်နေ့ကို အိတ်ပေါင်း ၄၀ စားမှာ ဆိုတော့။ နောက်ပြီး သူတို့ ကျောင်းဝင်းထဲမှာလည်း နေတယ် ။ အခုလောလောဆယ်က ကလေးတွေ စာမေးပွဲ ဖြေနေတယ်ဆိုတော့ နေ့ခင်းပိုင်းဆိုရင် လေဟာပြင်မှာ နေကြတယ်။ တချို့လူတွေဆိုရင် ဒီတိုင်း ထွက်ပြေးလာတယ်ဆိုတော့ အဝတ်အစားတွေလည်း ပါမလာကြဘူး။ အဝတ်အစားလည်း တော်တော်လေး လိုအပ်တယ်လို့ သိရတယ်”ဟု ဆလိုင်းထန်းကီးက ပြောသည်။



ချင်းပြည်နယ်အစိုးရအနေဖြင့် အရေအတွက် ထောင်ချီရှိသည့် စစ်ဘေးရှောင်ပြည်သူများအရေး ဖြေရှင်းရန်  ပြည်ထောင်စုအစိုးရနှင့် တိုင်ပင် ဆွေးနွေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။



“နေ့ရက်တိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးနေတယ်။ သတင်းမီဒီယာမှာလည်း လွှင့်စရာ မလိုဘူး။ စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့လည်း အချိန်တိုင်းနီးပါး တိုင်ပင်ဆွေးနွေးနေတယ်”ဟု ဆလိုင်းလျန်လွယ်က ပြောသည်။



စစ်ဘေးရှောင်ပြည်သူများအတွက် ထိရောက်သည့် ကူညီပေးမှုအပိုင်းတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကဲ့သို့ မလုပ်နိုင်သေးကြောင်း မတူပီ ချင်းလူငယ်အဖွဲ့  ဥပဒေရေးရာနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထန်းကီးက မှတ်ချက်ပြုသည်။



ဥပဒေရေးရာနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထန်းကီးက “ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာ ကူညီပေးတဲ့ အပိုင်းမှာ တော်တော် အားနည်းတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေထက်တောင်မှ ကူညီပံ့ပိုးတဲ့အပိုင်းမှာ ပိုမို မြန်ဆန်ရမယ်။ အခုက CSO တွေ၊  NGO, INGO တွေပဲ အရင် ရောက်နေတယ် ။ အစိုးရမှာ အားနည်းချက်တွေ အများကြီး ရှိတယ်။ အဓိကတော့ ခေါင်းဆောင်မှုရဲ့ အားနည်းချက် ဖြစ်တယ်လို့ မှတ်ချက်ပေးချင်တယ်”ဟုပြောသည်။



စစ်ဘေးရှောင်လာသူများအနက် ဒဏ်ရာပြင်းထန်သည့် လူနာ မတူပီဆေးရုံတွင် ၁၉ ဦး ရှိပြီး ၎င်းတို့အတွက် အလှူငွေ ကျပ် ၈၄ သိန်း ရရှိခဲ့ကြောင်း သိရသည်။



ဆလိုင်းထန်းကီးက “ ဆေးရုံမှာ လောလောဆယ် ၁၉ ယောက်၊ အရေးပေါ် ဆေးကုသနေသူတွေအတွက်၈၄သိန်းရတယ်။အဖွဲ့အစည်းအသီးသီးကလာလှူတာရှိတယ်။ပုဂ္ဂိုလ်တစ်ဦးချင်းလာလှူတာတွေလည်းရှိတယ်။မန္တလေးဖက်မပို့လို့မရတဲ့လူနာတွေလည်းဒီ၈၄သိန်းထဲကအသုံးပြုသွားမယ်။ဟိုတစ်နေ့ကလည်းငါးယောက်လောက်ပို့တယ်”ဟုပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...