မြန်မာ့တပ်မတော်က စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦး သေဆုံး

မြန်မာ့တပ်မတော်က စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦး သေဆုံး

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာတွင် မြန်မာ့တပ်မတော်မှ မတ် ၁၄ ရက် နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်၌  စစ်လေယာဉ်ဖြင့် အမှတ်မထင် လာရောက်ပစ်ခက်မှုဖြစ်ပွားခဲ့ရာ ဒေသခံ (၁၁) ဦးသေဆုံးခဲ့ကြောင်း မိတ်စာဝကျေးရွာနေ ဦးလိုင်ပကပြောသည်။

“စဖြစ်တာက လေယာဉ်တစ်ခါ ဝှေ့တယ်၊ လေယာဉ်ဝှေ့ ဝှေ့နေပြီးတော့ တစ်ခါတည်း ပစ်ချတာပဲ၊ ဘာမှမသိဘဲနဲ့ ဒီတိုင်း ပစ်ချတာ၊ လက်နက်ကြီးနဲ့ (၂) ချက် ပစ်တာ၊ သေတဲ့သူက စုစုပေါင်း အားလုံး (၁၁) ယောက် ရှိတယ်၊ ဒဏ်ရာရတဲ့သူက (၆) ယောက် ရှိတယ်၊ အခု အားလုံး ဆမီးဆေးရုံကို ပို့လိုက်ပြီ၊ ဆမီးကနေ ကားနဲ့ မတူပီကို ဒီည ပို့မယ်၊ အဲဒီကို ပြည်နယ်အစိုးရအကူအညီနဲ့ ပို့မယ်” ဟု ဦးလိုင်ပက ပြောသည်။

မိတ်စာဝကျေးရွာသည် အိမ်ခြေ (၇၀) ကျော်ရှိကာ ပလက်ဝမြို့နှင့် (၉) မိုင်အကွာတွင် တည်ရှိသည်။ ယခုပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် (၇) နှစ်သားတစ်ဦးပါဝင်ကြောင်းနှင့် သေဆုံးသူများထဲတွင် အမျိုးသားပိုများကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “စစ်တပ်ရဲ့ ပစ်ခတ်မှုကိုတော့ အဖြေမပေးနိုင်ဘူး၊ ကျနော်တို့က အခု လောလောဆယ် အစိုးရအဖွဲ့အနေနဲ့တော့ တက်လာမယ့် သတင်းတွေကနေ အတည်ပြုတာကို စောင့်နေတာ၊ တရားဝင်ကြေးနန်းရရင်တော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့သူတွေအတွက်ကတော့ ထောက်ပံ့မှု ရှိမယ်၊ လက်ရှိက ကျနော်တို့ မတူပီက လူမှုကူညီရေးအသင်းက ကားတွေကို ကျနော်တို့ ဆမီးထိ သွားပြီးတော့ သွား သယ်ခိုင်းနေတယ်၊ ကျနော်တို့ ဖြစ်စဉ်တွေကို ကြေးနန်းလည်း တင်ပြဖို့ ရှိတယ်၊ မြို့နယ်ကနေ တင်မယ်၊ တင်ပြီး ပြည်ထောင်စုအစိုးရကို တင်ဖို့ ရှိတယ်၊ တင်ပြီးတော့ ကျနော်တို့ လက်ရှိ ဖြစ်တဲ့အပေါ်မှာ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ အဲဒါတွေကို ကျနော်တို့ ကူညီပြီးတော့ ဆောင်ရွက်ဖို့ ရှိတယ်” ဟု ပြောသည်။

မိတ်စာဝကျေးရွာ ဒေသခံများမှာ ချင်းလူမျိုးများဖြစ်ကာ ရွာနှင့် အနီးအနားတွင်လည်း လတ်တလော ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားမှု လုံးဝ မရှိကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...