ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ် မူဆလင်ကျေးရွာတွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာရသူ ၈ ဦးရှိကြောင်း သိရသည်။
လေးဦးမှာ ဒဏ်ရာပြင်းထန်ပြီး နောက် ၄ ဦးမှာ အနည်းငယ်စီ ဒဏ်ရာရခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးချောင်ချူက ပြောသည်။
ဒဏ်ရာပြင်းထန်သူ ၄ ဦးမှာ ဦးချောင်ချူအာလီ (၃၀) နှစ် ၊ ဦးလိူင်လာ (၂၈) နှစ် ၊ ဦးကာလာချေ (၄၀) နှစ် (နှင့် ဇော်ဒီချေ (၄၀) နှစ်တို့ ဖြစ်ကြသည်။
“သူတို့ကို မြောင်းဘွေဆေးရုံကို ယူနေပါတယ်။ ဒဏ်ရာရတာက ညဉ့် ၃ နာရီလောက်မှာ ဖြစ်တာပါ” ဟု ဦးချောင်ချူက ဆက်ပြောသည်။
ပေါင်းတုတ်ကူးတို့ဆိပ်မှ အုပ်ချုပ်ရေးမှူးက “ သူတို့က အိပ်နေချိန်မှာ ကျည်လာကျတာလို့ ပြောတယ်။ သူတို့ ပြောတာက တပ်ကနေ လမ်းကနေ ပစ်သွားတယ်လို့ ပြောပါတယ်။ ရှစ်ယောက် ဒဏ်ရာရပါတယ်။ လေးယောက်က နည်းနည်း ပြင်းပါတယ်” ဟု ပြောသည်။
လောင်းကြက်တောင်မော် အဝင် နန်းကျနှင့် လောင်းကြက်အကြား ရန်ကုန်-စစ်တွေကားလမ်းတွင် ယနေ့ မတ် ၁၃ ညဉ့်အချိန်က တပ်မတော် ယာဉ်တန်း ဖြတ်သွားစဉ် မိုင်းပေါက်ကွဲသံများကြားခဲ့ရပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။







