ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း စစ်အုပ်စုတပ်မှ ရေတပ် စစ်အင်ဂျင်နီယာ ဗိုလ်မှူးတစ်ဦး ကျဆုံးပြီးနောက် စစ်ကြောင်း နောက်ဆုတ် သွားခဲ့ရပြီး လက်ရှိတွင် တိုက်ပွဲ ရပ်တန့်နေသည်။
တောင်မော်ဦး စစ်မျက်နှာတွင် ကျဆုံးသွားသည့် စစ်အုပ်စုတပ် ရေတပ်ဗိုလ်မှူးမှာ ဒေါက်တာလင်းထက်ကျော် အောင် အသက် (၄၄) နှစ်ဖြစ်ပြီး ဩဂုတ် ၂၁ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်အုပ်စုတပ်သား အများအပြား ကျဆုံးခဲ့သဖြင့် ထိုးစစ် ရပ်တန့် နေသော်လည်း စစ်အုပ်စုတပ်ဘက်မှ လက်နက်ခဲယမ်းနှင့် လူအင်အားများကို ထပ်မံဖြည့်တင်းနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“ဩဂုတ် ၂၃ ရက်နေ့ကစပြီး ၂၅ ရက်နေ့ထိ ရေကြောင်းကနေ နေဗီတွေနဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ တောင် မော်ဦး (ကြီး) ရေတပ်သို့ အင်အား ဆက်တိုက်ပို့ဆောင်နေပါတယ်။ လောလောဆယ်တော့ သူတို့ဘက်က အဆင့် မြင့် အရာရှိ တစ်ဦးကျသွားတဲ့ အတွက် သူတို့ ထိုးစစ်တွေကို ရပ်တန့်ထားတယ်။ ဒါပေမယ့် လူအင်အားနဲ့ လက်နက်အင်အား ထပ်ဖြည့်နေတာကို တွေ့နေရပါတယ်။”
စစ်အုပ်စုတပ်သည် ဩဂုတ် ၂၅ ရက်နေ့ ညပိုင်းကလည်း စစ်ရေယာဉ်များဖြင့် အင်အား ဖြည့်တင်းမှုများ ပြုလုပ် ခဲ့သည်။
ဒေသတွင်း သတင်းရင်းမြစ်က “အင်အားကိုသူတို့က နေ့ဖက်ပို့တာမျိုး သိပ်မတွေ့ရဘူး။ နောက်ပြီး အခုရက် ပိုင်းမှာ ပို့တဲ့ အင်အားတွေက ရေတပ်ထဲကိုပဲ ပို့တယ်။ ဒီလ ၂၅ ရက်နေ့ ညကလည်း သစ်ပုတ်တောင်နဲ့ တောင် မော်ကြီးဖက်ကို နေဗီ ၂ စီးနဲ့ လူအင်အား ၁၀၀ ကျော်တင်ခဲ့တယ်” ဟု ဆက် ပြောသည်။
လွန်ခဲ့သည့် ၃ ရက်အတွင်း ရေတပ်ဌာနချုပ် နှစ်ခုသို့ အင်အား ၄၀၀ ခန့် ထပ်မံဖြည့်တင်းထားသော်လည်း စစ်အုပ်စုတပ်ဘက်မှ အကျအဆုံး များပြားနေသဖြင့် ထိုးစစ် မစတင်နိုင်ဘဲ ဖြစ်နေသည်။
၎င်းက “အဝတောင်က ထိုးစစ်တက်ယင် အဝတောင်နဲ့ စနဲကြား ချောင်းတံတားနားကို တောင်မရောက်ဘူး။ အဲဒီ အကောင်တွေ ထွက်ပြေးရတယ်။ နောက်ပြီး အဝတောင်ကနေ မျော့ချောင်းဖက်လည်း ထိုးစစ်ဝင်တယ်။ အကုန် စစ်ကြောင်းတွေဟာ မကျော်နိုင်ဘူး။ ထိခိုက်မှုများပြီး နောက်ဆုတ်နေရတယ်” ဟု ပြောသည်။
ကျောက်ဖြူ-စနဲ ကားလမ်းမပေါ်ရှိ မျှောချောင်းကျေးရွာဘက်နှင့် စနဲဘက်သို့ ဦးတည်ထိုးစစ်ဆင်နေသည့် စစ်ကြောင်းမှာလည်း ဩဂုတ်လ တတိယပတ်မှစ၍ ထိုးစစ်များ စေလွှတ်နိုင်ခြင်း မရှိတော့ပေ။
ကျောက်ဖြူစစ်မျက်နှာ၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်အနေဖြင့် ဒဏ်ရာရ လူနာများ ကောက်ယူ ခြင်းနှင့် အလောင်း ပြန်လည်ပို့ဆောင်ခြင်းများ မလုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ထားသည်။
ထို့ပြင် တောင်မော်ဦး ရေတပ်စခန်း တိုက်ပွဲတွင် ကျဆုံးသွားသည့် ရေတပ် စစ်အင်ဂျင်နီယာ ဗိုလ်မှူးမှာ နည်း ပညာတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး လုပ်ခဲ့ဖူးသည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်အောင်၏ သားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည် ပို့ဆောင်နိုင်ခြင်း မရှိဘဲ စစ်မြေပြင် အနီးဝန်းကျင်၌ပင် သင်္ဂြိုဟ် လိုက်ရသည်။







