AA နယ်မြေများတွင် Grade-12 မြန်မာစာကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် အစားထိုးသင်ကြား

AA နယ်မြေများတွင် Grade-12 မြန်မာစာကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် အစားထိုးသင်ကြား

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-12 မြန်မာစာဘာသာရပ်ကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် စတင်အစားထိုး သင်ကြားနေပြီ ဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက အသစ်ရေးဆွဲထားသည့် Grade-12 မြန်မာဘာသာအတွက် ရခိုင်ဘာသာဖြင့် အစားထိုးရေးဆွဲထားသော ပြဋ္ဌာန်းစာအုပ်ဖြင့် ယခု ဩဂုတ်လမှ စတင် ကာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက ဆိုသည်။

ကျောက်တော်မြို့နယ်မှ Grade-12 ကျောင်းသူတစ်ဦးက “သမီးတို့ကျောင်းမှာတော့ ပြီးခဲ့တဲ့ အပတ်ကနေ စသင် ရပါပြီ။ စာအုပ်ရောက်တာနဲ့ ချက်ချင်းသင်ရတာပါ။ အခုရခိုင်စာက ကိုယ်ပြောနေတဲ့ ရခိုင်စကားနဲ့ တူနေတော့ အခက်အခဲကတော့ မရှိပါဘူး” ဟု ပြောသည်။

ဆရာ၊ ဆရာမများအနေဖြင့် ဆရာကိုင်စာအုပ် မရှိသေးသော်လည်း ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများကို နားလည်အောင် ရှင်းပြပေးသဖြင့် သင်ယူရလွယ်ကူကြောင်း ၎င်းက ဆက်ပြောသည်။

အချို့မြို့နယ်များတွင်မူ အာရက္ခပညာရေးဌာနက ဖြန့်ဝေသည့် အဆိုပါ ပြဋ္ဌာန်းစာအုပ်များ မရောက်ရှိသေး သဖြင့် မသင်ကြားနိုင်ကြသေးပေ။

မြောက်ဦးမြို့နယ်မှ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက “နှစ်လစာ သင်ခန်းစာကို ပထမအဖြတ်အနေနဲ့ ပညာရေးက ထုတ်ပေးတာလို့ ပြောပါတယ်။ တခြားနေရာတွေမှာတော့ သင်နေကြပြီလို့ ပြောပါတယ်။ ကျနော်တို့မှာတော့ ဒီနေ့မှ ရောက်ပါမယ်” ဟု ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောသည်။

အဆိုပါ ပြဋ္ဌာန်းစာအုပ်ကို ဇူလိုင်လနှင့် ဩဂုတ်လ နှစ်လစာအတွက် ရေးဆွဲထားခြင်းဖြစ်ပြီး ကျန်လများအတွက် ရေးဆွဲထားသည့် ပြဋ္ဌာန်းစာအုပ်များကိုလည်း ဆက်လက်ဖြန့်ဝေ သင်ကြားစေမည်ဖြစ်သည်။

ယခု သင်ကြားနေသည့် ရခိုင်ဘာသာ ပြဋ္ဌာန်းစာအုပ်တွင် သဒ္ဒဗေဒ မိတ်ဆက်၊ နရာဓိပတိကျောက်စာ၊ စာစီ စာကုံးရေးနည်း၊ အနုသာရဆုံးမစာနှင့် ရုံးစာရေးသားနည်းများ ပါဝင်သည်။

Grade-12 ရခိုင်ဘာသာ သင်ရိုးသစ်အပြည့်အစုံတွင် ရှေးခေတ်မှသည် ယနေ့ခေတ်သစ်အထိ ရခိုင်စာပေပညာ ရှင်များ ရေးသားခဲ့သည့် ရခိုင်ပြည်၊ ရခိုင်လူမျိုးနှင့် သက်ဆိုင်သော သမိုင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ သုတ၊ ရသစသည့် ဂန္ထဝင်မြောက် စာပေများကို ကျောင်းသူ၊ ကျောင်းသားများက ရခိုင်ဘာသာ စကားဖြင့် သင်ယူကြရမည်ဖြစ်သည်။

ကျောင်းသူ၊ ကျောင်းသားများအား ရခိုင်ဘာသာဖြင့် အစားထိုးသင်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဆရာလမ်းညွှန်သင်တန်းများ ပေးခဲ့သည်။

KG မှ စ၍ မြန်မာစာဖြင့် ရင်းနှီးကျွမ်းဝင်လာသည့် အချို့ကျောင်းသူ၊ ကျောင်းသားများအဖို့ Grade-12 ရောက်မှ ရခိုင်ဘာသာဖြင့် အစားထိုးသင်ကြားရသဖြင့် ဘာသာစကားနှင့် အသုံးအနှုန်းကဏ္ဍတွင် အခက်အခဲ အနည်းငယ် ရှိလာနိုင်ကြောင်း ဝါရင့်ဆရာ၊ ဆရာမအချို့က သုံးသပ်ထားသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...