ရိ နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ပြုသော်လည်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု တင်းကြပ်

ရိ နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ပြုသော်လည်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု တင်းကြပ်

By လားနွန် –  အိန္ဒိယ - မြန်မာ နယ်စပ်၊ ချင်းပြည်နယ် ရိ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ လူနှင့်ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခြင်း မရှိသေးသော်လည်း နယ်စပ်အဝင်အထွက်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိ မရှိ တင်းကြပ်စွာ စစ်ဆေးနေသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီး S.L NAVEEN က မတ်လ (၁၀) ရက်နေ့စွဲဖြင့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ အိန္ဒိယ – မြန်မာနယ်စပ် ကူးသန်းသွားလာရာ၌ ရိ - ဇိုခေါထာရ်တံတားမှအပ အခြားနယ်နိမိတ်မှ ဖြတ်ကျော် ဝင်ထွက်သွားလာခွင့် မပြုကြောင်း၊ နယ်စပ်ကူးသန်းသွားလာခွင့် (Special Permit) ကိုင်ဆောင်သူများအနေဖြင့် အဆိုပါတံတားမှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး တံတားဖြတ်ကျော် ဝင်ရောက်သူမှန်သမျှ COVID – 19 ရောဂါစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် နေ့စဉ် မဖြစ်မနေ လိုအပ်ပြီး ခွင့်ပြုနိုင်သည့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်သူများသည်လည်း COVID – 19 ရောဂါစစ်ဆေးမှုခံယူပြီးမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် တံတားမှဖြတ်သန်းသွားလာသူမှန်သမျှ မီဇိုရမ်ဘက်ခြမ်းရှိ ဇိုခေါထာရ်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်သို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မဖြစ်မနေ ပေးအပ်ထားရမည်ဟု ကျန်ဖိုင်းခရိုင်တရားသူကြီးက ထုတ်ပြန်ထားသည်။

ရိ နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် လ.၀.က တာဝန်ခံ ဦးမောင်မောင်က “သူတို့ (မီဇိုရမ်ပြည်နယ်) ဘက်မှာလည်း စစ်ဆေးမှု ခံယူခိုင်းတယ်၊ စစ်ဆေးမှုတွေ လုပ်ပြီးမှ သွားခိုင်းတယ်၊ ဟိုဘက်က လာတဲ့ဟာလည်း ကျနော်တို့က စစ်ဆေးပြီးမှ ကျနော်တို့ဘက်ကို ဝင်လာခိုင်းတယ်” ဟု ပြောသည်။

ယခုလက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ- မြန်မာနယ်စပ် အမှတ် (၁) တမူး – မိုးရေး ကုန်သွယ်ရေးဂိတ်ကိုလည်း မဏိပူရ်ပြည်နယ်အစိုးရက မတ်လ (၉) ရက်နေ့မှစ၍ ပိတ်ပင်လိုက်ပြီး ရိ – ဇိုခေါထာရ် ကုန်သွယ်ရေးဂိတ်မှာလည်း မီဇိုရမ်ပြည်နယ်အစိုးရက တင်းကြပ်လာခြင်းဖြစ်သည်။

အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိ – ဇိုခေါထာရ်ကုန်သွယ်ရေးလမ်းကြောင်းသည် ချင်းလူမျိုးအများစု အဓိကအသုံးပြုသည့် လမ်းကြောင်းဖြစ်ပြီး တရုတ်၊ ထိုင်း စသည့်နိုင်ငံများမှ ထုတ်ကုန်များကို ယင်းမှတဆင့် ဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်လျက် ရှိကြသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...