ပလက်ဝ စားနပ်ရိက္ခာအခက်အခဲ ဟားခါးမြို့မိမြို့ဖများ တပ်ချုပ်ထံ တင်ပြ

ပလက်ဝ စားနပ်ရိက္ခာအခက်အခဲ ဟားခါးမြို့မိမြို့ဖများ တပ်ချုပ်ထံ တင်ပြ

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူရေးအခက်အခဲဖြစ်နေသည့် ကိစ္စကို ဖြေရှင်းပေးရန် ချင်းပြည်နယ်သို့ ရောက်ရှိလာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဟားခါးမြို့မိမြို့ဖများက မတ်လ ၁၁ ရက်တွင် တင်ပြတောင်းဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေး၊ ကျီကုန်းတပ်နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့၊ နယ်မြေခံတပ်ဋ္ဌာနချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မတ်လ (၁၀) ရက်က တွေ့ဆုံပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့တော်ခန်းမ၌ မြို့မိမြို့ဖများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ဒေသခံများ၏ ဘဝလုံခြုံရေး၊ အပြစ်မဲ့ပြည်သူများ စစ်ဘေးကြောင့် ဒုက္ခကြုံရသည့်ကိစ္စများ၊ အသက်အိုးအိမ်များအတွက် စိုးရိမ်မှုများနှင့် ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများ စသဖြင့် ယင်းလူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ကြသည်ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးရှန်မာန်းက ပြောသည်။

“အဲဒီဥစ္စာကို အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားပေး ဆောင်ရွက်ပေးနေတယ်လို့ သူ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)က ဖြေပေးထားတယ်” ဟု မြို့မိမြို့ဖဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချင်းပြည်နယ်သို့ ရောက်ရှိလာချိန်သည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့အနီးတဝိုက် တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်သည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည်မှာ မတ်လ ဒုတိယပတ်တွင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စားနပ်ရိက္ခာ ဝယ်ယူရရှိရန် ရခိုင်ပြည်နယ်ကို အဓိက အမှီပြုနေရသည့် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆားအပြင် လောင်စာဆီကအစ ဝင်ရောက်ခြင်း မရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေး ဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်း၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် တစ်သောင်း၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်နှစ်သောင်းအထိ စျေးနှုန်း အဆမတန် ခုန်တက်သွားခဲ့သည်။

ထို့ကြောင့် ပလက်ဝမြို့ခံ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လိုအပ်သော ဆန်နှင့် စားနပ်ရိက္ခာများကို ယခုလအတွင်း ကျောက်တော်နှင့် ဆမီးမြို့များမှ ပလက်ဝမြို့သို့ သယ်ယူခွင့်ပြုရန် သက်ဆိုင်သူများထံ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...