ပလက်ဝတွင် ကျောင်းသား ၅၀၀ နီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်

ပလက်ဝတွင် ကျောင်းသား ၅၀၀ နီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်

By လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနအသီးသီး၌ မတ်လ ၁၁ ရက်က စတင်ဖြေဆိုခဲ့ကြသော်လည်း ကျောင်းသားကျောင်းသူ (၅၀၀) နီးပါး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။

စာစစ်ဌာန (၅) ခုရှိသော ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၂၆၉၀) ရှိသည့်အနက် (၂၂၁၇) ဦးကသာ ဖြေဆိုခဲ့ကြပြီး (၄၇၃) ဦး ဖြေဆိုရန်ပျက်ကွက်ကြသည်ဟု  ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

“ကျောင်းတွင်းက ကျောင်းသားတွေ အားလုံးတော့ လာရောက်ဖြေဆိုနိုင်ကြတယ်၊ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ပါမယ်ထင်တယ်၊ အပြင်ဖြေတွေက ပျက်ကွက်တာ ပိုများတယ်” ဟု ဆလိုင်းအောင်မင်းက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ အ.ထ.က (၁) စာစစ်ဌာန (၂) သည် ပျက်ကွက်သူအများဆုံးဖြစ်ပြီး ကျောင်းသား (၂၀၀) ကျော် ပျက်ကွက်ခဲ့သည်ဟုလည်း ပညာရေးမှူးကဆက်ပြောသည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှု များရသည့် အကြောင်းရင်းကိုမူ မသိရသော်လည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပလက်ဝအကြား ရေလမ်းကြောင်းများ ပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည့်အပြင် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် ကျောင်းသားကျောင်းသူ (၁၄၁၇၇) ဦး ရှိသည့်အနက် (၁၂၃၇၄) ဦး ဖြေဆိုခဲ့ကြပြီး  (၁၀၈၃) ဦး ပျက်ကွက်သည်ဟု သိရသည်။ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များ အားလုံးတွင် ဖြေဆိုရန် ပျက်ကွက်သူ အများဆုံး ဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...