အိန္ဒိယ-မြန်မာ ငွေလဲလှယ်နှုန်း ထိုးကျ၊ မြန်မာကုန်သည်များအခက်ကြုံ

အိန္ဒိယ-မြန်မာ ငွေလဲလှယ်နှုန်း ထိုးကျ၊ မြန်မာကုန်သည်များအခက်ကြုံ

လားနွန် — အိန္ဒိယ - မြန်မာ ငွေလဲလှယ်နှုန်း တရှိန်ထိုး ထိုးကျနေသည့်အတွက်ကြောင့် ချင်းပြည်နယ်၊ ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်နေကြသည့် မြန်မာကုန်သည်များ အခက်ကြုံနေကြရသည်ဟု သိရသည်။

အိန္ဒိယငွေစျေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ထိုးကျလျက်ရှိကာ ယခင်က (၁) ရူပီး (၁၉) ကျပ်ပေါက်စျေးမှ ယခုအခါ (၁) ရူပီး (၁၅) ကျပ်အထိ ထိုးကျသွားခြင်းကြောင့် မြန်မာကုန်သည်များအတွက် တွက်ခြေမကိုက်တော့ဘဲ ရပ်နားထားရသည့် အခြေအနေဖြစ်နေသည်ဟု ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်နေ ကုန်သည် Awmtea ကပြောသည်။

“ကျနော်တို့ Export သမားတွေအတွက်အားလုံးရပ်သွားပြီ၊ ငွေလဲနှုန်းနဲ့ကျတော့ ဘယ်လိုမှမကိုက်တော့လို့ ရောင်းဝယ်တာ ရပ်သွားပြီ၊ ကုန်သည် တော်တော်များများကတော့ ရပ်သွားပြီ” ဟု Awmtea ကပြောသည်။

ယခုကဲ့သို့ အိန္ဒိယငွေစျေးနှုန်း ထိုးကျရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုနှင့် ဒေါ်လာစျေးကျဆင်းမှုကြောင့်ဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ငွေလဲလှယ်နှုန်းကျဆင်းမှုကြောင့် ငွေလဲလှယ်သည့်လုပ်ငန်း လုပ်ကိုင်နေကြသူများလည်းမီဇိုရမ်ပြည်နယ်နှင့် ကလေးမြို့အကြား ငွေလွှဲသည့်လုပ်ငန်းများလည်း  ယခင်အပတ်ကစ၍ ရပ်ဆိုင်းထားရသည်ဟု သိရသည်။

“အခုတလောတော့ ရပ်နားထားတာ၊ ငွေစျေးနှုန်းအရမ်းကျတာကြောင့်ပေါ့နော်၊ ဘယ်လိုသတ်မှတ်မလဲတောင် မသိရဘူး၊ အခုလည်း ဘယ်လောက်ကျလဲ၊ ဘယ်လောက်ရှိလဲဆိုတာလည်း မသိဘူး” ဟု ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ-မြန်မာအမှတ် (၁) တမူး-မိုးလေး ကုန်သွယ်ရေးဂိတ်ကို မဏိပူရ်ပြည်နယ်အစိုးရက  မတ်လ ၉ ရက်ကစ၍ ပိတ်ပင်လိုက်ပြီး  ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးဂိတ်ကိုလည်း မီဇိုရမ်ပြည်နယ်အစိုးရက မကြာခင်ရက်ပိုင်းအတွင်း ပိတ်ထားဖွယ်ရှိသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ရိ-ဇိုခေါ်ထာရ်ကုန်သွယ်ရေးလမ်းကြောင်းသည် ချင်းလူမျိုးအများစု အဓိက အသုံးပြုသည့် လမ်းကြောင်းဖြစ်ပြီး တရုတ်၊ ထိုင်း စသည့်နိုင်ငံများမှ ထုတ်ကုန်များကို အဆိုပါလမ်းကြောင်းမှတဆင့်  မီဇိုရမ်ပြည်နယ်သို့ ကူးသန်း ရောင်းဝယ်လျက် ရှိကြသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...