ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နိုင်ငံတော်အဆင့်မှ လုံခြုံရေး သေချာ မလုပ်ပေးပါက အိန္ဒိယ - မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ရှေ့ဆက်ရန် မဖြစ်နိုင်တော့ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။
“နိုင်ငံတော်အဆင့်ကနေ လုံခြုံရေးကို သေချာ မလုပ်ပေးဘူး ဆိုလို့ရှိရင် ဒါက ဆက်လုပ်လို့ မရဘူး။ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ တပ်မတော်က လွဲပြီးတော့ ကျန်တဲ့ ဌာနဆိုင်ရာတွေက ဘာမှ လုပ်ပေးလို့ မရဘူး” ဟု ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ပလက်ဝနှင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအကြား ကားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်တွင် အသုံးပြုမည့် လောင်စာဆီနှင့် စားနပ်ရိက္ခာများကို ပခုက္ကူ – မင်းတပ်- မတူပီ လမ်းဘက်မှ သယ်ဆောင်လာသော (၁၂) ဘီးယာဉ်တစ်စီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၂၀၂၀ ခုနှစ် မေလအတွင်း အပြီးသတ်ရန် လျာထားသည့် ပလက်ဝ - ဇိုးရင့်ပွီးကားလမ်းသည်လည်း သတ်မှတ်ရက်အတွင်း မပြီးမြောက်နိုင်တော့ကြောင်း ဦးစိုးထက်က ပြောသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့ တိုက်ပွဲ ပိုမို ပြင်းထန်လာသည့်အတွက် ကျောက်တော် – ပလက်ဝအကြား ရေလမ်း၊ ကုန်းလမ်းများ ပိတ်ထားရပြီး ကုန်စည်စီးဆင်းမှု မရှိသည့်အတွက် ပလက်ဝမြို့နယ် လက်ရှိအနေအထားမှာ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အပြင် ရိက္ခာပြတ်လပ်သည့် အနေအထားဖြစ်နေပြီဟု သိရသည်။
ထို့အပြင် ဒီဇယ်ဆီ ပြတ်လုနီးပါး ဖြစ်နေသည့်အတွက် လျှပ်စစ်မီး ပေးနိုင်တော့မည်မဟုတ်ဘဲ စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် မီး အခက်အခဲကြုံလာနိုင်သည်ဟု ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။
“မြန်မာ့တပ်မတော်ဖြစ်ပါစေ၊ AA တပ်ဖွဲ့ဖြစ်ပါစေ၊ ပလက်ဝဒေသရဲ့ စားဝတ်နေရေး အခက်အခဲတွေကို လူသားချင်း စာနာထောက်ထားခြင်းအားဖြင့် သွားလာခွင့်ပြုဖို့ ကျနော်တို့ တောင်းဆိုပါတယ်၊ ဒေသခံပြည်သူများရဲ့ အခက်အခဲမျိုးစုံကို ကူညီဖြေရှင်းပေးဖို့ လိုပါတယ်၊ မကြာခင်မှာ ၁၀ တန်း စာမေးပွဲက စစ်တော့မှာ။ ဒီဇယ်ဆီကလည်း ပြတ်လပ်နေပြီ။ ကျနော်တို့ဘက်မှာက မဟာဓာတ်အားလိုင်းလည်း မရဘူး။ ဒီဇယ်ဆီကလည်း တစ်ရက်နှစ်ရက်ဆို ကုန်တော့မယ် ပြောတယ်။ ဒေသခံပြည်သူတွေရဲ့ ဒုက္ခအဝဝကို ကူညီဖြေရှင်းဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိပါတယ်’’ ဟု ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝဒေသသည် စစ်မက်ဖြစ်ပွားရာဒေသ ဖြစ်နေသည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘာမှ လုပ်ဆောင်၍ မရတော့ကြောင်း၊ ပြည်ထောင်စုအဆင့်ကသာ လုပ်ဆောင်ပေးနိုင်သည့် အနေအထားဖြစ်နေကြောင်း ပြောသည်။
“ကျနော်တို့ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးကိစ္စ ဖြစ်တဲ့အတွက် ဘာမှ လုပ်ပေးလို့မရဘူး။ ပြည်ထောင်စုကနေ ထောက်ပံ့တဲ့ ပိုက်ဆံတွေ ရှိတယ်။ ချင်းပြည်နယ်အစိုးရက ထောက်ပံ့တဲ့ ပိုက်ဆံတွေ ရှိတယ်၊ ပြည်သူလူထုကနေ ထောက်ပံ့တဲ့ပိုက်ဆံတွေ ရှိတယ်၊ အဲဒါတွေနဲ့ ဆန်၊ ဆီ၊ ဆား အကုန် ဝယ်ပြီးပြီ၊ အဆင်သင့် ဖြစ်နေပြီ။ စစ်တွေ၊ ကျောက်တော်၊ ပလက်ဝ လမ်းကနေ လုံခြုံရေး ပေးနိုင်လို့ရှိရင် ရိက္ခာတွေ ပလက်ဝ ရောက်သွားမယ်။ ရေလမ်းက အဆင်မပြေရင် ကုန်းလမ်း မတူပီ - ပလက်ဝဘက်ကနေလည်း လုံခြုံရေး ပေးနိုင်ရင် ပို့လို့ရတယ်။ လုံခြုံရေးသာကောင်းရင် ဘယ်လမ်းကဖြစ်ဖြစ် အကုန်ပို့မယ်။ အခုက လုံခြုံရေး မပေးနိုင်တဲ့အခါကျတော့ ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။ ချင်းပြည်နယ်အစိုးရက ဘာမှ လုပ်ပေးလို့ မရတော့ဘူး။ နိုင်ငံတော်အဆင့်ကပဲ ကူညီပေးဖို့ ရှိတော့တယ်"ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရခိုင်ပြည်နယ် ကျောက်တော်မှ ချင်းပြည်နယ် ပလက်ဝဘက်သို့ ရိက္ခာ သယ်ယူသည့် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်သတ်ခြင်းမျိုး မရှိကြောင်း ခိုနူမ်းသုန်ကို ပြောသည်။
“ကျနော်တို့ ဒီ အရပ်သားပြည်သူတွေအတွက် သယ်ယူမယ့် ရိက္ခာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ ဘာမှ ကန့်သတ်ထားတာ မရှိဘူး။ ကျနော်တို့ အရင်လည်း ကြေညာချက် ထုတ်ပြန်ပြီးသား၊ ဘယ်သူမဆို ဒါ ပြည်သူလူထုအတွက် အခြေခံစားသုံးကုန်တွေကို သယ်ယူမယ်ဆိုလို့ရှိရင် သယ်ယူဖို့အတွက် ကျနော်တို့က အကူအညီတောင်မှ ပေးဦးမယ်။ ကျနော်တို့ဘက်က ထုတ်ပြန်ချက် ထုတ်ထားတာ ရှိတယ်”ဟု ဦးခိုင်သုခကပြောသည်။
(၁၂) ဘီးယာဉ် မီးရှို့ခံရသည့်ကိစ္စအပေါ် ဦးခိုင်သုခက “ ကျနော့်ဆီကိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှ တက်မလာပါဘူး။ ဒါပေမဲ့လို့ ဒီ စစ်ဖြစ်နေတဲ့နေရာမှာ တစ်ခုခု သယ်ယူမယ် ဆိုလို့ရှိရင် သေချာသတင်းပေးပြီးမှ သွားလာကြဖို့ ကျနော်တို့ဘက်ကနေပြီးတော့ အကြိမ်ကြိမ် ထုတ်ပြန်ချက်တွေလည်း ထုတ်ထားတာ ရှိတယ်။ အဲဒီ စစ်ဖြစ်နေတဲ့နေရာမှာ ဘာမှ ကြိုတင်သတင်းပေးမှု မရှိဘဲနဲ့ ဝင်လာလို့ရှိရင်လည်း မြေပြင်တပ်ဖွဲ့တွေကတော့ သူတို့ လုံခြုံရေးအရ သူတို့ လိုအပ်တဲ့၊ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်တာတော့ ရှိတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။
ပလက်ဝမြို့နယ်တွင် ယခုလက်ရှိ၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် အင်တာနက်လိုင်းကိုလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ကစ၍ ဖြတ်တောက်ခြင်း ခံထားရသည်။







