လောင်စာဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့ လျှပ်စစ်မီးနှင့် ကျောင်းသား ကျောင်းသူများအတွက် စိုးရိမ်နေရ

လောင်စာဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့ လျှပ်စစ်မီးနှင့် ကျောင်းသား ကျောင်းသူများအတွက် စိုးရိမ်နေရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် မကြာမီရက်ပိုင်းအတွင်း လျှပ်စစ်မီး ပေးနိုင်တော့မည်မဟုတ်သည့်အတွက် တစ်မြို့လုံး အမှောင်ကျကိန်းဆိုက်နေပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကို အသုံးပြု၍ လျှပ်စစ်မီး ဖြန့်ဖြူးပေးလေ့ရှိသည်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ပလက်ဝမြို့နယ်သို့ ဆက်သွယ်ရေးလမ်းကြောင်းများ အားလုံး ပြတ်တောက်သွားပြီး စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။

ထို့အတွက်ကြောင့် ယခင်က တစ်ရက်လျှင် ၄ နာရီခန့် ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ယခုအခါ ၂ နာရီခန့်သာ ပေးနိုင်တော့သည့်အတွက် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် စာကျက်ချိန်နီးပါးပြီး ပညာရေးထိခိုက်မည်ကို စိုးရိမ်နေကြရသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

“ကျနော်တို့ ခါတိုင်းဆိုရင် စာမေးပွဲမဖြေခင် တစ်လလောက်အလိုမှာ ညစာကျက်ဝိုင်းတွေ လုပ်ပေးလေ့ ရှိတယ်၊ ခုတော့ ညမထွက်ရအမိန့်ကြောင့် စာကျက်ဝိုင်းတွေလည်း လုပ်လို့ မရတော့ဘူး၊ ခုဆိုရင် လျှပ်စစ်မီးကလည်း ကြည့်ရတာ နည်းသွားပြီ။ ၇ နာရီနဲ့  ၉ နာရီကြားပဲ ရတာဆိုတော့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူး။ ကလေးတွေအတွက်တော့ စာဖတ်ချိန် နည်းသွားတာပေ့ါ။ ခါတိုင်းဆိုရင် ကျနော်တို့ ညနေပိုင်းရော၊ မနက်ပိုင်းရော စာမေးပွဲနီးပြီဆိုရင်တော့ ၂ ကြိမ် မီးပေးတယ်။ ဒီနှစ်က ဆီမရှိတော့ ညပိုင်းလေးတောင် ပုံမှန် မပေးနိုင်တော့ဘူး”ဟု ဆလိုင်းအောင်မင်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စက်လှေနှင့် မော်တော်ယာဉ်လိုင်းများ မပြေးဆွဲရဲသည့်အတွက် ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်လမ်းများ ယာယီ ရပ်ဆိုင်းထားရပြီး ပလက်ဝမြို့နယ်သို့ မည်သည့်ကုန်ပစ္စည်းမျှ ဝင်ရောက်နိုင်ခြင်း မရှိသည်မှာ တစ်လကျော်နေပြီ ဖြစ်သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်သည် စားနပ်ရိက္ခာ ပြတ်လပ်သည့်အပြင် လောင်စာဆီပါ မရှိတော့သည့်အတွက် တစ်မြို့လုံး အမှောင်ကျရောက်မည့် အခြေအနေ ဖြစ်နေသည်ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

“အခု ကျနော်တို့ လျှပ်စစ်မီးက ၂ နာရီပဲ ပုံမှန်ရနေတယ်။ မနက်ဖြန် တစ်ညပဲ ရတော့မယ်လို့ ကြားထားတယ်၊ ပြောကြတယ်။ သန်ဘက်ခါဆိုရင်တော့ ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု EPC ကနေ ကြိုးစားနေတယ်လို့ သိရတယ်၊ ဘယ်နေ့ဘယ်ရက်မှာ ရောက်မယ်ဆိုတာတော့ မသိဘူး၊ ဒီမှာ မြို့နယ် အစီအစဉ်လေးနဲ့ အမှောင်ကြီး မဖြစ်အောင်ဆိုပြီးမှ လုပ်ငန်းရှင်တွေဆီကနေ အကူအညီတောင်းပြီးမှ ပေးနေရတဲ့ အခြေအနေ ဖြစ်နေရတယ်၊ အခုလက်ရှိ” ဟု အဆိုပါဒေသခံက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကတော့ အစိုးရအနေဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် အဆင်သင့် ဖြစ်နေသော်လည်း နိုင်ငံတော်အဆင့်မှ လုံခြုံရေး မပေးနိုင်သည့်အတွက် မည်သည့်လမ်းကြောင်းကမှ ပလက်ဝသို့ ရိက္ခာများ ပို့ဆောင်၍ အဆင်မပြေနိုင်ကြောင်း ပြောဆိုသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...