Salai C Lian — မြန်မာတပ်မတော်နှင့် အေအေကြား စစ်ရေးတင်းမာနေမှုကြောင့် ရေလမ်း၊ ကုန်းလမ်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းခံရပြီး မည်သည့်ကုန်ပစ္စည်းမျှ သယ်ယူပို့ဆောင်ခွင့် မရှိသောကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လှောင်ပိတ်ခံရသည့် ဘဝရောက်နေကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနိူင်းရေးကောင်စီ (KACC) ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။
“ပလက်ဝမြို့နယ်ကတော့ ရေလမ်းလည်း ပိတ်ထားတယ်၊ ကုန်းလမ်းလည်း ပိတ်ထားတယ်ဆိုတော့ စားဝတ်နေရေးကတော့ တော်တော် ခက်ခဲနေတယ်၊ ကျွန်တော်တို့ မြို့နယ်အဆင့်နဲ့ လုံခြုံမှုမရှိတဲ့အတွက် နိုင်ငံတော်အဆင့်ထိ သိအောင် လုပ်ဖို့ အစီအစဉ်တော့ ရှိတယ်၊ နိုင်ငံတော်အကြီးအကဲတွေ သိနိုင်အောင် စာတမ်း ပြုစုပြီး တင်ပြဖို့ ရှိတယ်၊ အခုက ကျွန်တော်တို့က လှောင်ပိတ်ခံရတဲ့ ဘဝရောက်နေတယ်”ဟု ဦးကျော်ငြိမ်းကပြောသည်။
ပလက်ဝမြို့နယ် စားဝတ်နေရေး ပြေလည်စေရန် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံရေး ပိုမို လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့်ထိ တင်ပြလျက် ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
“ကျွန်တော်တို့ အခု ရနိုင်တဲ့ နည်းလမ်းကတော့ စစ်တွေ-ကျောက်တော် ဖက်ကနေပြီးတော့ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ ဒီဇယ်ဆီတို့၊ တာဝန်တိုင်တွေအတွက် အသုံးပြုမယ့် ဆီ၊ စက်လှေအတွက် အသုံးပြုမယ့် ဆီတွေ၊ ပို့ဆောင်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်၊ ကုလားတန်မြစ်ကြောင်းမှာ တပ်စခန်းတွေလည်း ရှိတယ်၊ အေအေ ကင်းစခန်းတွေလည်း ရှိတယ်၊ ရေကြောင်းတွေက ပိတ်တော့ ကျွန်တော်တို့ ပခုက္ကူကနေပြီးတော့ ကုန်းလမ်းနဲ့ မိုင်ပေါင်း ရာနဲ့ချီပြီး သယ်တာ ဆိုတော့ ပလက်ဝရောက်ဖို့ ၁၅ မိုင်အလိုမှာ ကားမီးရှို့ခံရတော့ ဒေသခံအတွက်လည်း အရမ်း နစ်နာတယ်၊ ဒါတွေ မဖြစ်အောင် လုံခြုံရေး ကောင်းမွန်ဖို့ လုပ်ဖို့ လိုတယ်၊ အဲဒါကြောင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်၊ ပြည်ထောင်စုကိုလည်း တင်ပြထားတယ်”ဟု ဦးစိုးထက်က ပြောသည်။
ပလက်ဝမြို့ကို ဖေဖော်ဝါရီ ၄ရက်ကတည်းက ရေကြောင်းလမ်း၊ ကုန်းလမ်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားခြင်းမှာ ယနေ့ မတ်လ ၄ ရက်တွင် တစ်လတိတိ ပြည့်ပြီ ဖြစ်သည်။
KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “မြို့နယ်အသီးသီးက ကူညီတဲ့ အလှူငွေ၊ ချင်း အရပ်ဘက်အဖွဲ့အစည်းက လှူတဲ့ ငွေတွေ၊ ပခုက္ကူကနေပြီးတော့ ကျွန်တော်တို့ ဆန်အိတ် (၃၀၀) ၊ နောက် ပြည်နယ်အစိုးရကနေ ပေးတဲ့ ထောက်ပံ့ရေးအတွက် ဆန်အိတ် (၃၀၀)၊ ရေလမ်းကနေ သွားလို့ မရတော့ ပခုက္ကူ - မင်းတပ် - မတူပီ - ဆမီး - ပလက်ဝဆိုပြီး သွားပို့ဖို့ စီစဉ်ထားတာ၊ ဆမီးရောက်တော့ ဆမီး - ပလက်ဝကြား လုံခြုံရေး မကောင်းတဲ့အတွက် ကားသမားတွေလည်း မသွားရဲတော့ ဆမီးမှာ ပုံထားတယ်”ဟု ပြောသည်။
ထို့အပြင် အစိုးရစစ် စာမေးပွဲဖြစ်သော လေးတန်း၊ ရှစ်တန်းစာမေးပွဲများကို မဖြေဆိုရသေးသော စာသင်ကျောင်းများစွာလည်း ရှိနေသေးပြီး ကျောင်းသူ ကျောင်းသားများအတွက် နစ်နာမှု များစွာ ရှိကြောင်း ဦးကျော်ငြိမ်းက ဆိုသည်။
“အခု ပလက်ဝမှာက ဆန်တွေက အရမ်း စျေးကြီးနေပြီ၊ တစ်ချို့က ဆန်အပါအဝင် စက်သုံးဆီတွေပေါ့၊ စာမေးပွဲကလည်း နီးလာပြီ၊ ဒီဇယ်ဆီကလည်း ပြတ်လပ်နေပြီ၊ လျှပ်စစ်ဓါတ်အားကလည်း မဟာဓါတ်အား မရသေးတော့ အခက်ကြုံနေရတာပေါ့၊ ပြီးတော့ အခု ကျွန်တော်တို့ သုံးနေတဲ့ ဖုန်းတွေကလည်း ဆီမရှိရင်တော့ ပျက်တော့မယ်”ဟု ပြောသည်။
၂၀၁၉ နိုဝင်ဘာ ၃၀ ရက်က ပလက်ဝ - မီဇိုရမ် လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် တံတားသံဘောင် တန် ၃၀၀ နီးပါး AA အဖွဲ့က ပစ်ခတ်မီးရှို့ဖျက်ဆီးသလို ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်လည်း စားသောက်ကုန်နှင့် ဆီ တင်ဆောင်လာသည့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်တစ်စီး ဖျက်ဆီးခံရကြောင်း သိရသည်။







