ရခိုင်နှင့် ချင်းမှာ အင်တာနက် ပြန်ဖွင့်ပေးရန် လက်မှတ်များ စုစည်းပြီး သမ္မတထံ ပေးပို့

ရခိုင်နှင့် ချင်းမှာ အင်တာနက် ပြန်ဖွင့်ပေးရန် လက်မှတ်များ စုစည်းပြီး သမ္မတထံ ပေးပို့
(ဓာတ်ပုံ - သီဟ) အင်တာနက်ပြန်ဖွင့်ပေးရန် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့တွင် ရခိုင်လူငယ်များဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
(ဓာတ်ပုံ - သီဟ) အင်တာနက်ပြန်ဖွင့်ပေးရန် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့တွင် ရခိုင်လူငယ်များဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြတ်ဆွေ — ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်ကို အင်တာနက်ပြန်လည်ဖွင့်ပေးရန်အတွက် ပြည်သူလူထုလက်မှတ်များစုစည်းပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပေးပို့လိုက်သည်ဟု အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခ က DMG သို့ပြောသည်။

အသံအဖွဲ့သည် ပြည်သူလူထုလက်မှတ်များကို အွန်လိုင်းနှင့်မြေပြင်တွင် ကောက်ခံခဲ့ပြီး လက်မှတ်စုစုပေါင်း(၃၀၀)ကျော် ရရှိခဲ့သည်။

“အထူးသဖြင့်တော့ ကျနော်တို့က တစ်ဖက်မှာ ဆန္ဒပြပွဲတွေနဲ့လည်း လုပ်ဆောင်တာရှိတယ်။ သို့သော်လည်း စနစ်တကျဆုံးဖြတ်ပေးနိုင်တဲ့ နိုင်ငံတော်အကြီးအကဲတွေဆီ ရောက်ဖို့အခါက တရားဝင်စာတင်ပို့တဲ့နည်းလမ်းတစ်ခုဖြစ်တယ်” ဟု မောင်ဆောင်းခက ပြောသည်။

အင်တာနက်ဖြတ်တောက်ထားသောကြောင့် ပြည်သူလူထုမှာ စီးပွားရေး၊ ပညာရေးနှင့် သတင်းအချက်အလက်ရရှိပိုင်ခွင့်အခက်အခဲ ဖြစ်နေသည်။ ဒီမိုကရေစနစ်ကိုသွားမည်ဆိုလျှင် ပြည်သူကိုဒုက္ခမပေးဘဲ သေသေချာချာ စဉ်းစားကာ အင်တာနက်ပြန်ဖွင့်ပေးစေချင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ကျနော်တို့ဆီက တင်သွင်းထားတဲ့လက်မှတ်တွေကို ဒီတစ်လပဲ စောင့်ကြည်သွားမယ်။ ဒီတစ်လအတွင်းမှာပဲ သူတို့ဖက်က ဘယ်လိုတုန့်ပြန်သွားမယ်ဆိုတာ စောင့်ကြည့်သွားမယ်။ ရတဲ့နည်းနဲ့တော့ ကျနော်တို့ ဒီတစ်လအတွင်းမှာပဲ အင်တာနက်ဖွင့်ပေးဖို့အတွက် ပြောဆိုမယ်၊ တောင်းဆိုနေမှာပဲ” ဟု ၎င်းကဆိုသည်။

စာပို့ထားသော်လည်း အင်တာနက်ပြန်မဖွင့်ပေးလျှင် တခြားအရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး နည်းလမ်းရှာဖွေကာ လှုပ်ရှားမှုပြုလုပ်သွားမည်ဟု အသံအဖွဲ့မှ သိရသည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဖွင့်သင့်သည့်အချိန်တွင် ပြန်ဖွင့်ပေးမည်ဟု အစိုးရဘက်က ပြောဆိုထားသည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က အင်တာနက်ဖြတ်တောက်ခဲ့ သည်။ စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့ကို ပြန်ဖွင့်ပေးခဲ့ပြီး ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ပြန်ပိတ်ခဲ့သည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများကလည်း တောင်းဆိုနေကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...