အပစ်ရပ် ပိုမိုခိုင်မာစေရန် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ကိုယ် စားလှယ် အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၉ရက်က နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ကြောင်း KNUက သတင်း ထုတ်ပြန်သည်။
ကေအဲန်ယူနယ်မြေအတွင်း လတ်တလော ဖြစ်ပွားနေသည့် ထိတွေ့မှုများနှင့် လမ်းဖောက်လုပ်မှုများ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အပစ်ရပ် ပိုမိုခိုင်မာစေရန် အခြေခံမူအရ ဆက်လက်ဆွေးနွေးရန် လုပ်ငန်းစဉ်အရ သဘောတူညီခဲ့ကြောင်း ကေအဲန်ယူက ဆိုသည်။
ဆွေးနွေးပွဲသို့ ကေအဲန်ယူဘက်မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်၍ အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးအပါအဝင် ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ ပဒိုစောအယ်ကလူစေး၊ ဗိုလ်မှူးချုပ် စော တာမလာသော၊ ဗိုလ်မှူးချုပ်စောပလေ့၊ ဗိုလ်မှူးချုပ်စောဒဲဖိုး ၊ ဗိုလ်မှူးကြီးစောအယ်မေစေး၊ ဗိုလ်မှူး စောတာမူ လာ စသည့် ကေအဲန်ယူ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
အလားတူ မြန်မာ့တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ် ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်မျိုးဝင်း နှင့် ဗိုလ်မှူးကြီးမင်းဟိန်းစသည့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တက် ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှု ရလဒ်အနေဖြင့် လတ်တလော တင်းမာမှုများကို လျော့ပါးသွားစေရန်နှင့် တည်ငြိမ်သည့် အနေအထားတစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ရှေ့ဆက် နည်းလမ်းရှာ ကြိုးစားသွားမည်ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်ထိတွေ့မှုများ ရှောင်ရှားနိုင်ရန်နှင့် လျော့နည်းသွားစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည့် သဘောထားများ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် ၂၀၁၉ နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ၂၀၂၀ နှစ်ဆန်းပိုင်းကစတင်ကာ ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေနှင့် တပ်မဟာ(၃)၊ တပ်မဟာ(၂) နယ်မြေတို့တွင် တပ်မတော်၏ လမ်းဖောက်လုပ်မှုကိစ္စရပ်များကြောင့် နှစ် ဖက်တင်း မာမှုများနှင့် ထိတွေ့မှုများရှိခဲ့ပြီး ၎င်းကိစ္စရပ်များကို အောက်ခြေအဆင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိ နှိုင်းမှု နှစ်ကြိမ်ပြုခဲ့ သော်လည်း ယခုလလယ်ပိုင်းအထိ တင်းမာမှုများရှိနေကြောင်း နှစ်ဘက်တပ်များ၏ အပြန်အလှန်ကန့်ကွက်မှုများအရ သိရသည်။
အလားတူ ယခုလ ဆန်းပိုင်းလောက်ကစပြီး ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေတွင်းရှိ ကျေးရွာများ ထဲသို့ တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ရွာသား ၃၀၀ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူဘက်က ပြောဆိုခဲ့သည်။
KNU ဘက်က တပ်မတော် စခန်းများကို မိုင်းထောင်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ တပ်မတော်က လက်နက်ကြီးအချို့ပစ်ခတ်ပြီး ပြန်လည်တုန့်ပြန်ရခြင်းဖြစ်ကြောင်း၊ ကရင်ရွာများဘက်ကို ကျရောက်ခြင်းမှာ မဟုတ်မမှန်ကြောင်း တပ်မတော်ဘက်မှ ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။
လတ်တလော ဖြစ်ပွားနေသည့် နှစ်ဖက်တင်းမာမှုများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ယခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့တွင်လည်း တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) ကိုယ်စားလှယ်များနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ကိုယ်စားလှယ်တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။







