ဖားအံ-ကော့ကရိတ်လမ်း အခွန်ခနှင့် လမ်းပိတ်ဆို့မှုကြောင့် ဒေသခံများ အခက်တွေ့

ဖားအံ-ကော့ကရိတ်လမ်း အခွန်ခနှင့် လမ်းပိတ်ဆို့မှုကြောင့် ဒေသခံများ အခက်တွေ့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ အာရှလမ်းမကြီးနှင့် ကျေးရွာချင်းဆက် ဖြတ်လမ်းများကို စစ်အုပ်စုတပ်က ပိတ်ဆို့ထားသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုကြောင့် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခက်တွေ့နေကြသည်ဟု ‌ဒေသခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

ပြီးခဲ့သည့် နှစ် ဧပြီလမှစ၍ ဒေသတွင်း တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် စစ်အုပ်စုတပ်က ဖားအံ -မြဝတီ အာရှလမ်းမကြီးပေါ်ရှိ ကိုးတိုင်လမ်းဆုံ အပါအဝင် ဒေသခံများ အမြဲတမ်း အသုံးပြုသွား လာနေသည့် ကျုံဒိုး၊ ကော့ဝါးလဲနှင့် နွားခြံကုန်းရှိ ရွာချင်းဆက်လမ်းများကိုပါ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ယခုလို လမ်းများ ပိတ်ဆို့ခြင်းကြောင့် ဒေသခံများသည် ဖားအံမြို့သို့ သွားရောက်ရန်အတွက် ဇာသပြင်-ဖရုံဂူ လမ်းပိုင်းကိုသာ အဓိက အသုံးပြုနေရပြီး ယခင် နှစ်နာရီခန့်သာ ကြာမြင့်သည့်လမ်းခရီးကို လက်ရှိ လေးနာရီနီးပါးအထိ ကြာမြင့်နေကြောင်း သိရသည်။

" အရင်က ရွာကနေ ဖားအံကို သွားရင် အများဆုံး ၂ နာရီပဲ မောင်းရတယ်။ လမ်းကောင်းကို ပေးမသွားတော့ ဇာသပြင်၊ ဖရုံဂူဘက်ကနေ ပတ်မောင်းရတယ်။ အနည်းဆုံး ၃ နာရီခွဲ၊ ၄ နာရီလောက် ကြာတယ်။ လမ်းကလည်း မြေနီလမ်း၊ လယ်ကွင်းလမ်းတွေဆိုတော့ မိုးတွင်းဆို ဗွက်ကြီးပဲ။ သွားရတာ အရမ်းအန္တရာယ်များတယ်" ဟု ကော့ကရိတ်-ဖားအံ ကုန်သွယ်သွားလာနေသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဇာသပြင်-ဖရုံဂူ လမ်းပိုင်းတစ်လျှောက်ရှိ ဂိတ်များတွင်လည်း ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများကို အဓိကထား ငွေကြေးကောက်ခံသည့်အပြင် ယခုအချိန်တွင် ဒေသထွက်ဒူး ရင်းသီးနှင့်အခြားရာသီ သီးနှံထွက်သည့် အချိန်တွင် အချို့ဂိတ်သည် ဒေသအတွင်း အရောင်းအဝယ်ပြုလုပ်သူများထံ ဂိတ်ကြေးအခွန် ကောက်ခံမှုများ လာသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ဒူးရင်းသီးကားဆိုရင် တစ်ဂိတ်ကို အနည်းဆုံး ၂ သောင်း ပေးရတယ်။ ဒူးရင်းသီး ၁ လုံးပါ ထပ်ပေးရတယ်။ သားငါး၊ အသီးအရွက်ကားဆိုရင် တစ်ဂိတ် ၅ ထောင်ကနေ ၁ သောင်းအထိ ပေးရတယ်။ ဖားအံကို ဒူးရင်းသီး တစ်ခါသွားချရင် ဂိတ်ကြေးတင် ၂ သိန်းလောက် ကုန်တယ်။ ဓာတ်ဆီဖိုးနဲ့ ဂိတ်ကြေးနှုတ်ရင် အမြတ်က ဘာမှမကျန်တော့ဘူး" ဟု ၎င်းက ဆိုသည်။

အဆိုပါ ဂိတ်များသည် ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများကိုသာ ငွေကြေးကောက်ခံနေခြင်း ဖြစ်သည်။ သွားလာနေသည့် မိသားစုအိမ်စီးကားများမှာ ဂိတ်ကြေးပေးဆောင်စရာမလိုသော်လည်း အချို့ဂိတ်မှာ ရံဖန်ရံခါ စစ်ဆေးမေးမြန်းမှုများ ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

၎င်းအပြင် အသွားအလာပြည်သူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF များနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲပြောဆို၍ ငွေညှစ်တောင်း ခံမှုများပြုလုပ်သည့်အပြင် အစစ်အဆေးများကြောင့် တစ်နိုင်တစ်ပိုင် ဈေးရောင်းဝယ်သူများ၊ ဒေသထွက်သီးနှံ ကုန်ကူးရောင်း ဝယ်သူများ၊ ကျန်းမာရေးကိစ္စများကို သွားလာလိုသူများမှာ အခက်အခဲအမျိုးမျိုးဖြင့် ကြုံတွေ့ရလျက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Photo: KIC

June 17, 2026
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးရန်...
June 16, 2026
ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ”...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
Photo:KIC
June 16, 2026
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏...