စစ်အုပ်စုရဲ့ (၅)နှစ်တာကာလ အုပ်စိုးမှုဟာ အကြမ်းဖက်မှုနဲ့ လိမ်ညာမှုပဲဖြစ်တယ်

စစ်အုပ်စုရဲ့ (၅)နှစ်တာကာလ အုပ်စိုးမှုဟာ အကြမ်းဖက်မှုနဲ့ လိမ်ညာမှုပဲဖြစ်တယ်

မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး – တွေ့ဆုံဆွေးနွေးရေး ဒီကိစ္စ (၃)ရပ် အောင်မြင်ဖို့ဆိုရင် အစိုးရတစ်ရပ်မှာ လေးစားအသိအမှတ်ပြုလောက်တဲ့ ဂုဏ်သိက္ခာရှိဖို့ အ‌ခြေခံအား ဖြင့် လိုအပ်ပါတယ်။

လေးစားအသိအမှတ်ပြုလောက်တဲ့ ဂုဏ်သိက္ခာရှိဖို့ဆိုတာကလည်း အဓမ္မနည်းနဲ့ အတင်းအကျပ် ဖန်တီးယူ လို့ မရနိုင်ပါဘူး။

မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးပွဲမှာ “မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများမှ ရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကို ထမ်းဆောင်ကြရမည့် ပြည်သူတို့၏အကျိုးကို ဖော်ဆောင်ကြရမည့်အစိုးရဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း” ထည့် သွင်း ပြောဆိုသွားတာကို သတိပြုမိလိုက်ပါတယ်။

မင်းအောင်လှိုင် ပြောဆိုချက်ထဲက “ရွေးကောက်ခံအစိုးရ – ပြည်သူများမှရွေးခြယ်ထားသည့် ပြည်သူ့အစိုးရ – ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကို ထမ်းဆောင်ကြရမည့် – ပြည်သူတို့၏အကျိုးကို ဖော်ဆောင်ကြရမည့် အစိုးရ” ဆိုတဲ့ စကားစုတွေ၊ စကားရပ်တွေက လိမ်ညာမှုတွေ၊ မုသာဝါဒတွေသာဖြစ်တယ်ဆိုတာ ပြည်သူတိုင်းက နှလုံးသားနဲ့ ဦးနှောက်ထဲကနေ ကောင်းကောင်း သိထားကြတယ်။

ဒါကလည်း အကြောင်းအချက်မဲ့ ဆန္ဒစွဲသက်သက်နဲ့ သိထားကြတာမဟုတ်ပါဘူး။ ပြည်သူများရဲ့ လက်တွေ့ ဘဝနဲ့ရင်းပြီး နာကျင်ခံပြင်းမှုတွေနဲ့ရင်းပြီး လူငယ်မျိုးဆက်သစ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ကျေမွပျက် စီးကြရပြီးနောက် သိရှိလာကြရတဲ့ သိမြင်သဘောပေါက်မှုဖြစ်ပါတယ်။

(၁-၂-၂၀၂၁)ရက်နေ့ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုက ပထမနဲ့အခြေခံ အကြောင်းရင်း ဖြစ်ပါ တယ်။ ဒီအာဏာသိမ်းပိုက်မှုက ပြည်သူတွေရဲ့ လေးစားယုံကြည်တဲ့ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) ပြည်သူ တွေရဲ့ လေးစားယုံကြည်တဲ့အစိုးရအဖွဲ့(NLD)၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအများစု က တစ်ခဲနက် ရွေးချယ်မဲပေးထားတဲ့ ရွေးကောက်ပွဲရလဒ် စတာတွေကို ဖမ်းဆီးဖျက်သိမ်းပစ်ခဲ့တယ်။

အာဏာသိမ်းပိုက်မှုကို တပြည်လုံးပြည်သူတွေက အုံကြွဆန့်ကျင်လာကြတော့ အာဏာသိမ်း မင်းအောင်လှိုင် စစ်အုပ်စုက “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စိတ်ဓာတ်နဲ့ အကြမ်းဖက်မှုတွေ တသီတတန်းကြီး မိုက်မိုက်ကန်းကန်း ပြုလုပ်ခဲ့ကြတယ်။ ဒီနေ့အထိလည်း အကြမ်းဖက်မှုတွေကို နိုင်ငံနဲ့အဝန်းမှာ မရပ်မနား ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

အဲဒီလို မင်းအောင်လှိုင် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ဥပဒေချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေက လူငယ်မျိုးဆက် သစ်တွေကို လက်နက်စွဲကိုင် ခုခံတော်လှန်စစ်ဆင်ရေးလမ်းကြောင်းပေါ်ကို အတင်း တွန်းပို့ပေးလိုက်တာ ဖြစ်ပါတယ်။ EAOs လို့ ခေါ်တဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ဘဝဖြတ်သန်းမှုနဲ့ ကိုယ်ချင်းစာပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်ရှိလာတဲ့ မျိုးဆက်သစ်လူငယ်တွေကို လိုအပ်တဲ့အကူအညီတွေ ပေးခဲ့ကြတယ်။ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ (၁၀)ဖွဲ့အနက် (ABSDF – CNF – KNU) အဖွဲ့ အစည်း (၃)ဖွဲ့က NCA စာချုပ်နဲ့ အဆက်ဖြတ်ပြီး နွေဦးခုခံတော်လှန်စစ်ဘက်ကို မျက်နှာမူလိုက်ကြတယ်။

ဒီအကြောင်းအကျိုးအခြေခံပေါ်ကနေ CRPH – NUG – PDF နဲ့ အခြားလက်နက်ကိုင်အစုအဖွဲ့တွေ ပေါ် ပေါက်လာစေပြီး တငွေ့ငွေ့လောက်မြိုက်နေဆဲ ပြည်တွင်းစစ်မီးဟာ အရှိန်အဟုန်နဲ့ တကျော့ပြန်လောင်ကျွမ်းလာရ တာ ဖြစ်ပါတယ်။

အကယ်၍ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုသာမရှိခဲ့ဘူးဆိုရင် – အကယ်၍ ရွေးကောက်ပွဲတိုင်း မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းတွေကို တည်ရှိနေတဲ့ ဥပဒေလမ်းကြောင်း၊ ဥပဒေနည်းလမ်း နဲ့သာ နည်းမှန်လမ်းမှန် ဖြေရှင်းခဲ့မယ် ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လက်နက်ကိုင် တပ်ဖွဲ့တွေ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပေါ်လာစရာ ဘာအကြောင်းမှ မရှိပါဘူး။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မင်းအောင်လှိုင်ရဲ့ ဘယ်သူသေသေ ငတေမာဖို့ အဓိကဆိုတဲ့ တဇောက် ကန်းမိုက်မဲမှုနဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှုဟာ (၁-၂-၂၀၂၁) ရက်နေ့က စလို့ ဒီနေ့မျက်မှောက်ကာလအထိ တိုင်းပြည်နဲ့ ပြည်သူအတွက် နာကျည်းခါးသီးဖွယ် အနိဌာရုံတွေကို ဆက်တိုက်ဆိုသလို ပေါ်ပေါက်ဖြစ်ပွားလာစေခဲ့ပါတော့တယ်။

အာဏာသိမ်း စစ်အုပ်စု ထိပ်သီးမင်းအောင်လှိုင်ဟာ ဒီလိုအနိဌာရုံတွေကို (၂၀၂၁ – ၂၀၂၆) ငါးနှစ်တာကာလ အတွင်းမှာ အတောမသတ် ဖန်တီးနေတဲ့အကြားကနေ ရွေးကောက်ပွဲ (၃)ကျော့ကို စိတ်ကြိုက်ကျင်းပပြီး သူ့ကိုယ်သူ “သမ္မတအရာ”အပ်နှင်းခဲ့ပြန်တယ်။ သူ့စိတ်ကြိုက် လွှတ်တော်အဆင့်ဆင့်၊ အစိုးရအုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်ကို ဖွဲ့စည်းစေပြန်ပါတယ်။

မင်းအောင်လှိုင်ဟာ “ဥပဒေပြုရေး – အုပ်ချုပ်ရေး – တရားစီရင်ရေး” ဆိုတဲ့ အာဏာမဏ္ဍိုင် ၃ရပ်ကို သူစိတ် ကြိုက်ရွေးထားသူတွေနဲ့ သူ့အလိုကျ စီမံနေရာချထားခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာ သူစိတ်ကြိုက် သွန်လိုသွန် မှောက်လိုမှောက် သောက်လိုသောက်နိုင်တဲ့ အခြေခံဥပဒေသာ ဖြစ်တယ်။

အဲဒီလို သူတို့စစ်အုပ်စုရဲ့ လက်တွေ့လုပ်ရပ်တွေကပဲ မင်းအောင်လှိုင်ကို “စစ်အာဏာရှင်” လို့ အမည်တွင်စေ တာ ဖြစ်တယ်။

“ရွေးကောက်ခံအစိုးရ – ပြည်သူများမှ ရွေးချယ်ထားသည့် ပြည်သူ့အစိုးရ”လို့ မရှက်မကြောက် ပြောနေတာ ရယ်စရာမကောင်းဘူးလား။ မလုပ်ရဲတာ ဘာမှမရှိတဲ့ စစ်အာဏာရှင်အဖို့ မပြောရဲတာလည်း ဘာမှမရှိတော့ပေဘူး ပေါ့။

(အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး – တွေ့ဆုံဆွေးနွေးရေး ဒီကိစ္စ (၃)ရပ် အောင်မြင်ဖို့အတွက် မင်းအောင်လှိုင်တို့ စစ်အုပ်စုမှာ လေးစားအသိအမှတ်ပြုလောက်တဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေပါတယ်။

(၄-၆-၂၀၂၆) မှာ ရှမ်းနီအမျိုးသားညီညွတ်ရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး (၉-၆-၂၀၂၆) မှာ NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA – S – EAOs) အဖွဲ့ (RCSS – KNU/KNLA – NMSP – LDU – DKBA – ALP) ၆ဖွဲ့နဲ့ မင်းအောင်လှိုင်ရဲ့ခါးပိုက်ဆောင် ငြိမ်းချမ်းရေးညှိနှိုင်းမှုကော်မတီ (NSPNC)တို့ အလွတ်သဘော တွေ့ဆုံနေကြပြန်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ သာမန်အမှုအခင်းကို အာဏာသိမ်းပိုက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့သူတွေနဲ့ ပြည်တွင်းစစ်ပြ ဿနာကို နိုင်ငံရေးနည်းနဲ့ပြေလည်မှုရအောင် ဘယ်လိုယုံကြည်မှုမျိုး တည်ဆောက်ယူကြမလဲ၊ ဘယ်လိုနည်းလမ်းမျိုး နဲ့ ဖြေရှင်းကြမလဲ။

(၂၀၂၁ – ၂၀၂၆) ငါးနှစ်တာ ကာလအတွင်း မင်းအောင်လှိုင်စစ်အုပ်စုရဲ့ လက်တွေ့အုပ်စိုးမှုကနေ အထင်အရှား မြင်တွေ့ရတဲ့အချက်ကတော့ အကြမ်းဖက်မှုနဲ့ လိမ်ညာမှုပဲ ဖြစ်ပါတယ်။

June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...