ရခိုင်ဒေသခံများ၏ KBZ အကောင့်အများအပြား အသုံးပြု၍ မရဘဲဖြစ်နေ

ရခိုင်ဒေသခံများ၏ KBZ အကောင့်အများအပြား အသုံးပြု၍ မရဘဲဖြစ်နေ
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking အကောင့်အများအပြား အသုံးပြု၍ မရဘဲဖြစ်နေကြောင်း ဒေသခံများနှင့် ငွေလွှဲ/ငွေထုတ် လုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုကြသည်။

ဇွန် ၁၁ ရက်တွင် Kpay၊ KBZ Mobile Banking အကောင့်များကို KBZ ၏ နည်းပညာစနစ် မြှင့်တင်ရန် ပြုလုပ်မှုအပြီးတွင် ယခုကဲ့သို့ အကောင့်အများအပြား အသုံးပြု၍ မရဘဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

အသုံးပြု၍ မရဘဲဖြစ်နေသော အကောင့်များမှာ ငွေ အဝင်အထွက်များသည့် အကောင့်များဖြစ်ပြီး အကြောင်းအရင်းကို သေချာ မသိရသေးကြောင်း ပြောဆိုကြသည်။

ကျောက်တော်မြို့မှ ငွေလွှဲ/ငွေထုတ် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ အဓိက အပိတ်ခံရတာကတော့ ငွေအဝင် အထွက်များတဲ့ အကောင့်တွေ အပိတ်ခံရတာပါ။ အပိတ်မခံရတဲ့ အကောင့်နည်းတယ်။ ချင်းနဲ့ ရခိုင်က အကောင့်တွေ ပါတယ်လို့ သိထားတယ်။ ကျနော်တို့မှာ‌တော့ အကောင့်ထဲ ငွေ သိန်းနှစ်ထောင်ကျော် ပါသွားတယ်။ တခြားသူတွေမှာလည်း တစ်ထောင်ကျော်ပါသူပါ ရာဂဏန်းပါသူပါ ပါသွားကြတယ် ” ဟု ပြောသည်။

ရခိုင်ဒေသတွင် ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲများ စတင်ချိန်မှ စ၍ ဘဏ်လုပ်ငန်းများ ရပ်တန့်နေပြီး စစ်တပ်၏ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ အခြေခံကုန်စည်ပြတ်လပ်မှု၊ ဆေးဝါးရှား ပါးမှုအပြင် ငွေသားပြတ်လပ်မှုတို့လည်း ရှိခဲ့သည်။

ထိုသို့ ဘဏ်လုပ်ငန်းမလည်ပတ်မှုကြောင့် ပြည်သူများမှာ ပြည်တွင်း/ပြည်ပ ငွေလွှဲလုပ်ငန်းအတွက် အွန်လိုင်း ငွေကြေးဝန်ဆောင်မှုများဖြစ်သည့် KBZ Pay၊ Wave Pay စသည်တို့ကိုသာ အမှီပြုနေရ ခြင်းဖြစ်သည်။

ယခုကဲ့သို့ အကောင့်များ အသုံးပြု၍ မရဘဲဖြစ်နေမှုနှင့်အတူ ဒေသတွင်း ငွေသားပြတ်လပ်မှုပြဿနာမှာ ပိုမိုကြီးထွားလာနိုင်ပြီး ဒေသခံများ၏ စားဝတ်နေရေးတွင်လည်း သက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “ အခုလို အကောင့်ပိတ်ခံရတာတွေကြောင့် ငွေလွှဲ/ငွေထုတ် လုပ်လို့ရတဲ့ နေရာလည်း နည်းသွားပြီဆိုရင် ငွေထုတ်ခတွေ ဈေးတက်သွားမယ်။ အရင်လို ဘဏ်တွေ ဘာတွေ မရှိဘူး။ ဒါတွေကိုပဲ အားကိုးနေရတာ။ ပြီးတော့ ဒေသခံတွေ စစ်ရှောင်တွေထဲ ပြည်ပမှာရှိတဲ့ မိသားစုဝင်တွေဆီက လွှဲမယ့်ငွေကို အားကိုးပြီး စားသောက်နေရတဲ့သူ များတယ်။ အခု ငွေအသွင်းအထုတ်မရတော့ဘူးဆိုရင် ဒေသတွင်းမှာ ငွေသားပြတ်တာတွေအထိဖြစ်စေပြီး လူတိုင်းအတွက် ခက်ခဲသွားနိုင်တယ် ” ဟု ပြောသည်။

KBZ Bank ၏ တရားဝင် Facebook စာမျက်နှာတွင် “ KBZ Bank Customer များ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများရရှိရန် နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်မည် ဖြစ်ပါသောကြောင့် KBZ mBanking နှင့် iBanking ဝန်ဆောင်မှုများကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ည ၁၀ နာရီမှ ဇွန်လ (၁၂) ရက်နေ့ မနက် ၁ နာရီခွဲအတွင်း ခေတ္တအသုံးပြုနိုင်မည် မဟုတ်ကြောင်းနှင့် နည်းပညာ အဆင့်မြှင့်တင်မှုလုပ်ပြီးပါက ဝန်ဆောင်မှုများ အားလုံး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ” ရေးထားသည်။

ယင်းသို့ ထုတ်ပြန်ထားသော်လည်း ရခိုင်ဒေသခံများ၏ ဘဏ်အကောင့်များမှာ ယနေ့အချိန်ထိ အသုံးပြုမရ ဖြစ်နေကြောင်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားမှုများနှင့်အတူ စစ်ဘေးရှောင်များနှင့် လက်လုပ်လက်စား ဒေသခံများအပါအဝင် အများစုမှာ အလုပ်အကိုင်ရှားပါးမှုများကြောင့် နိုင်ငံခြားဝင်ငွေကို မှီခိုစားသောက်နေကြရခြင်းလည်း ဖြစ်သည်။

ယင်းအပြင် ဒေသတွင်း ကုန်သွယ်ရေးလုပ်နေသူများမှာလည်း ပစ္စည်းများ မှာယူရာတွင် ငွေပေးချေခြင်း၊ ငွေလဲခြင်းများအတွက် အခက်တွေ့လာနိုင်ကြောင်း ဒေသတွင်း ကုန်သည်များက ပြောဆိုကြသည်။

ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက “ ပစ္စည်းတွေမှာရင်လည်း ဒီငွေလွှဲငွေထုတ်တွေနဲ့ပဲ အဓိက လုပ်နေရတာ။ အခုလို အကောင့်တွေ ပိတ်လို့ လုံးဝမရတော့ဘူးဆိုရင် ငွေသားပြတ်တာတွေအပြင် ပစ္စည်းမှာရတာတွေမှာ ငွေချေတာတွေ၊ ပြီးတော့ ငွေလဲတာတွေလည်း အခက်တွေ့သွားမယ်။ ကုန်သွယ်ရေးကိုလည်း တစ်နည်းနည်းနဲ့တော့ ထိခိုက်လာနိုင်တယ် ” ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသအတွင်း ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ဒေသထွက်ပစ္စည်းများအား အခြား နေရာများသို့ မပို့နိုင်ဘဲ ဒေသတွင်း အသုံးပြုရန်သာ အခြေခံကုန်ပစ္စည်းများအား တင်သွင်းနေရခြင်းကြောင့် ဒေသတွင်း ရှိရင်းစွဲ ငွေသားမှာ အလျော့ဘက်တွင်သာ ရှိနေခြင်းဖြစ်သည်။

ယခုကဲ့သို့ ငွေလွှဲ/ငွေထုတ်အကောင့်များ လုံးဝအပိတ်ခံရပါက ဒေသခံများအတွက် ငွေသားပြတ်လပ်မှုကို ကြီးမားစွာရင်ဆိုင်ရနိုင်ပြီး အခက်အခဲကြုံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...