နယ်စပ်မြစ်များ အဆိပ်သင့်မှုကို ဝိုင်းဝန်းဖြေရှင်းရန် တောင်းဆို

နယ်စပ်မြစ်များ အဆိပ်သင့်မှုကို ဝိုင်းဝန်းဖြေရှင်းရန် တောင်းဆို

ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း သတ္တုတူးဖော်မှုတွေ တဖြည်းဖြည်း ပိုကျယ်ပြန့်လာနေတယ်လို့ ပြောရပါတယ်။

အခုလက်ရှိမှာ ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်က သတ္တုတူးဖော်တဲ့နေရာတွေကြောင့် မြစ်ရေညစ်ညမ်းမှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်နေတဲ့အပေါ် လူထုဘက်က ဝိုင်းဝန်းဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

အဲဒီအပြင် အင်အားကြီးနိုင်ငံတွေရဲ့ ဝယ်လိုအားကြောင့် မြန်မာမှာ သတ္တုတူးဖော်မှုတွေက တစ်စတစ်စ ပိုများလာနိုင်ပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေကလည်း ဆက်ဖြစ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာသူတွေက ထောက်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်သုတေသနလုပ်နေသူ ဦးဇုန်းတိန့်ကတော့ “မြေရှားတူးဖော်မှုတွေက မြန်မာပြည်ထဲမှာ တဖြည်းဖြည်း များလာနေတယ်။ ကချင်မှာတင်မကဘဲ ရှမ်းပြည်မှာလည်း ကျယ်ပြန့်လာတယ်။ ၀ဒေသမှာလည်း တူးဖော်မှုတွေ တိုးလာနေတယ်။ ဒီလိုဆက်သွားရင် ဝယ်လိုအားကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေ ဆက်ဖြစ်လာမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကနေ ဇွန်လ ၅ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်ကနေ ချင်းရိုင်အထိ “Peace Walk for Rivers” ဆိုတဲ့ အမည်နဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်လှုပ်ရှားမှုကို ၆ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ထိုင်းရောက်မြန်မာကျောင်းသားတချို့၊ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေ၊ ထိုင်း CSO တွေ၊ ပညာရှင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။

အဓိကကတော့ ရှမ်းပြည်နယ်ထဲက ထိုင်း–မြန်မာနယ်စပ်ဖြတ်ကျော် မြစ်တွေဖြစ်တဲ့ နမ့်ခုတ်မြစ်၊ ဆိုင်မြစ်၊ ရုအက်မြစ်၊ မဲခေါင်မြစ်နဲ့ သံလွင်မြစ်တွေမှာ ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ အဆိပ်သင့်သတ္တုတူးဖော်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာပါ။

လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ Myanmar Students’ Association – MFU က ကျောင်းသူ ချမ်ကတော့ “မြစ်ရေညစ်ညမ်းမှုဆိုတာ နယ်နိမိတ်မရှိဘူး။ တစ်နိုင်ငံတည်းမဟုတ်ဘဲ အားလုံးကို ထိခိုက်တယ်။ ဒါကြောင့် ငါတို့လည်း ဒီပြဿနာကို အတူတကွဖြေရှင်းချင်တာပါ” လို့ ပြောပါတယ်။

ပြီးတော့ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာတော့ ချင်းရိုင်ခရိုင်အစိုးရရုံးမှာ ထိုင်းအစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံတွေ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေကို အရေးပေါ်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဓိကကတော့ မြစ်တွေထဲမှာ အာဆင်းနစ်လို အဆိပ်ဓာတ်တွေ ပါဝင်နေတာကို နိုင်ငံတော်အဆင့်နဲ့ စနစ်တကျ စစ်ဆေးပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

လက်ရှိအခြေအနေမှာတော့ မြန်မာဘက်က ထွက်တဲ့ သတ္တုတွေကို အဓိကဝယ်ယူနေတဲ့ တရုတ်ကုမ္ပဏီတွေဘက်က လုပ်ဆောင်နေတဲ့ တူးဖော်မှုတွေကိုလည်း စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ပေးဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဦးဇုန်းတိန့်ကလည်း “မြစ်တွေမှာ နယ်နိမိတ်မရှိဘူး၊ အထက်ပိုင်းမှာ ထိန်းချုပ်မှုမရှိရင် အောက်ပိုင်းက တိုင်းပြည်တွေကိုပါ ထိခိုက်တယ်။ အခုလည်း ထိုင်းဘက်မှာ စိုးရိမ်နေကြတာ ဒီအကြောင်းကြောင့်ပဲ” လို့ ဆက်ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ၀ဒေသအပါအဝင် ကချင်ပြည်နယ်နဲ့ ပဋိပက္ခဒေသတွေမှာ သတ္တုတူးဖော်မှုတွေ ထိန်းချုပ်ဖို့ ခက်ခဲနေပြီး ရေထုညစ်ညမ်းမှုတွေက နယ်စပ်နိုင်ငံတွေအထိ ထိခိုက်လာနေတယ်လို့လည်း ထောက်ပြနေကြပါတယ်။

ဒါကြောင့် ဒီပြဿနာကို တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာအဖြစ် ပူးပေါင်းဖြေရှင်းပေးဖို့ လူထုဘက်က တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...