ဖာပွန်ဒေသကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထ ကျေးရွာတွင် ဒေသခံရွာသား ၃၂ ဦးကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကတည်းက ကျေးရွာ အတွင်း ဖမ်းဆီးထိန်းသိမ်း ထားပြီး ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံနှင့် ကေအဲန်ယူ တာဝန်ရှိသူများ ထံမှ သိရသည်။
ဖာပွန်ဒေသကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြစ် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ကေအဲန်ယူ တပ်မဟာ(၅) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ် တိုက် ခိုက်မှုကြောင့် ဘောကျို့ထ ကျေးရွာကနေ ရှေ့မတိုးနိုင်ဘဲ အခုလို ဒေသခံများကို လူသားဒိုင်း ပုံစံ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဆိုသည်။
ကေအဲန်ယူ မူတြော်ခရိုင်ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “ အခုအချိန်ထိ အဲ့ဒီရွာထဲမှာပဲ ဆက်လက်ထိန်း သိမ်းထားပြီး ပြန်မလွှတ်ပေးသေးပါဘူး။ ဖမ်းဆီးခံ ထားရသူတွေထဲမှာ အမျိုးသမီး (၁၄) ဦးနဲ့ အမျိုးသား (၁၈) ဦး ပါဝင်ပါတယ်။ အဲ့ထဲမှာ အသက် (၉) နှစ်ကနေ (၁၇) နှစ်ကြား ကလေးငယ် (၅) ဦးနဲ့ အသက် (၆၀) ကနေ (၈၀) ကြား သက်ကြီးရွယ်အို (၇) ဦး တောင်ပါဝင် ပါတယ် ” ဟု ကေအိုင်စီ သို့ ပြောသည်။
ကျေးရွာထဲကို စစ်ကြောင်းဝင်လာကတည်းက ဒေသခံ ကျေးရွာသားများ ထွက်ပြေးခဲ့ကြသော်လည်း စစ်တပ်က ဒေသခံ ၃ ဦးကို ကနဦး ဖမ်းဆီးရမိသွားပြီး အဆိုပါ ကျေးရွာသား ၃ ဦးအား ထွက်ပြေး သွားသည့် ဒေသခံ ရွာသား များကို ပြန်လည်စည်းရုံးပြောဆို ပြန်ခေါ်ခိုင်းခဲ့ကာ ကျေးရွာထဲ ပြန်လာ သူများကို ယခုလို ဖမ်းဆီးထားခြင်းဖြစ်သည်ဟုလည်း ပဒိုစောထို့ရော်ဘင်က ဆက်ပြောသည်။
လက်ရှိ ဖမ်းဆီးခံထားရသည့် ဒေသခံ ကျေးရွာသားများကို ကျန်ရှိသည့် မိသားစုဝင်များက ယနေ့ အချိန်ထိ အဆက်အသွယ် မရကြသောကြောင့် ဖမ်းဆီးခံထားရသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြ ကြောင်း ကေအဲန်ယူက ဆိုသည်။
အဆိုပါ ဖြစ်စဉ် နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ကေအိုင်စီ အနေဖြင့် သက်ဆိုင်ရာ ကျန်ရှိသည့် မိသားစုဝင်များကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဒေသတွင်းဖုန်းလိုင်း ဆက်သွယ်ရေး အခက်အခဲ များကြောင့် ကေအဲန်ယူက ပြောဆိုသည့် အခြေအနေကိုသာ သိရှိရခြင်းဖြစ်သည်။
၎င်းအပြင် စစ်တပ် စစ်ကြောင်းထိုးလာသည့် လမ်းတလျှောက်တွင်လည်း လက်နက်ကြီး ပစ်ခတ်မှု၊ နည်းပညာမြင့် ဒရုန်း နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကမမောင်း-ကတိုင်တိ လမ်းကြားရှိ ဒေသခံ (၂) ဦး သေဆုံးခဲ့ရပြီး (၃) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ယခုဖြစ်စဉ်သည် ဒေသခံအရပ်သားများအား ဥပဒေမဲ့ ဖမ်းဆီးခြင်းဖြစ်၍ ကမ္ဘာ့ ကုလသမဂ္ဂ၏ ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights-UDHR ပုဒ်မ ၉ ကို ချိုး ဖောက် ရာရောက်ရုံသာမက၊ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို ဓားစာခံသဖွယ် ဖမ်းဆီးပိတ် လှောင်ထားသည့်အတွက် ရောမစာချုပ်ပါ ပုဒ်မ ၈ အရ "စစ်ရာဇဝတ်မှု" (War Crime) မြောက်ကြောင်း တွေ့ရှိရသည်။
UDHR ၏ ပုဒ်မ ၉ တွင် မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိခြင်းဆိုသည့်အချက်တွင် မည်သူ့ကိုမျှ မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း မပြုရ ဟု ဖော်ပြ ပါရှိသည်။
ထို့အပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ ရောမစာချုပ်အရ စာချုပ်ပါ ပုဒ်မ ၈ ၏ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း အချက်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် အရပ်သား များကို ဖမ်းဆီးချုပ်နှောင်ထားခြင်း သို့မဟုတ် ဓားစာခံအဖြစ် အသုံးပြုခြင်းသည် စစ်ရာဇ ဝတ်မှု ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
လက်ရှိ အဆိုပါ အာဏာသိမ်း စစ်တပ် စစ်ကြောင်းသည် ကတိုင်တိကျေးရွာကို ရောက်ရှိလာသည်မှာ တစ်ပတ်နီးပါး ရှိနေပြီးဖြစ်ကာ ဒေသခံ ရွာသားများ၏ နေအိမ်များတွင် စခန်းချ နေထိုင်လျက်ရှိသည်။







