စစ်အုပ်စုက ဘုရားသုံးဆူမြို့ကို ပြန်စိုးမိုးရန် ကြိုးပမ်းနေ

စစ်အုပ်စုက ဘုရားသုံးဆူမြို့ကို ပြန်စိုးမိုးရန် ကြိုးပမ်းနေ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးရန် ကြိုးပမ်းလာသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ညအိပ်တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်အုပ်စုသည် ဘုရားသုံးဆူနယ်စပ်မြို့ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း DKBA အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထို့ကြောင့် စစ်အုပ်စုဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အချိန်မရွေး လေကြောင်းမှ တိုက်ခိုက်လာနိုင်သဖြင့် ဒေသခံအချို့မှာ ညအချိန်တွင် ဘေးလွတ်ရာနေရာများသို့ သွားရောက်တိမ်းရှောင် အိပ်စက်နေကြရသည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက "လေယာဉ်ကြောက်လို့ အချို့ ထိုင်းဘက်မှာ ညအချိန်လာအိပ်တာ။ စစ်တပ်က ဘယ်သူထိထိ သူတို့မြို့ ပြန်ရရင် အကုန်လုပ်ရဲတော့ မဖြစ်လာဘူးလို့ ပြောလို့မရဘူးလေ" ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ DKBA နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ စစ်အုပ်စုဘက်က မြို့ကို ပြန် လည်ပေးရန် DKBA ကို လူကိုယ်တိုင် လာရောက်တွေ့ဆုံကာ တောင်းဆိုခြင်းမျိုး ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားသည့် DKBA အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းထံ ကေအိုင်စီက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လတ်တလောတွင် ဘုရားသုံးဆူမြို့ကို DKBA က ထိန်းချုပ်ထားသော်လည်း ၎င်းမြို့မှာ ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး KNU ဘက်ကလည်း တရားဝင် တစ်စိတ်တစ်ပိုင်း ပူးတွဲအုပ်ချုပ်နေခြင်းဖြစ်သည်ဟု မြို့အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများထံမှ သိရသည်။

စစ်အုပ်စုက မြို့ကို ပြန်လည်တောင်းဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ KNU အနေဖြင့် အသေးစိတ် သိရှိ ထားခြင်းမရှိသေးကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဆိုသည်။

"ဒီသတင်းက ကျနော်တို့ဘက်က အတည်ပြုလို့ မရသေးဘူး။ ဘာလို့လဲဆိုရင် DKBA ဆီမှာ သွား တောင်းတယ်ဆိုတာကို သတင်းထဲမှာပဲ ဖတ်လိုက်ရသေးတယ်" ဟု ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံးကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြို့အနီးရှိ နဂါးတောင်စခန်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဆက်လက်တပ်စွဲ ထားဆဲဖြစ်သည်။ ၎င်းတို့သည် မြို့ထဲသို့ဆင်းပါက ပေါ်ပေါ်ထင်ထင် သွားလာရဲခြင်းမရှိဘဲ အရပ်ဝတ်များဖြင့်သော်လည်းကောင်း၊ DKBA ယူနီဖောင်းများ ဝတ်ဆင်၍သော်လည်းကောင်း သွားလာနေကြကြောင်း DKBA နှင့် နီးစပ်သူများထံမှ သိရသည်။

June 16, 2026
ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ”...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
Photo:KIC
June 16, 2026
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏...
June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...