စစ်ဘေးရှောင်များ အချိန်နှင့်တပြေးညီအကူအညီရရေး အစိုးရဆောင်ရွက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

စစ်ဘေးရှောင်များ အချိန်နှင့်တပြေးညီအကူအညီရရေး အစိုးရဆောင်ရွက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

နှင်းနွယ် — တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရသောကြောင့် အချိန်နှင့်တပြေးညီ အကူအညီများရရှိရေးအတွက် အစိုးရဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက  ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်ကျင်းပသည့် ပြည်နယ်လွှတ်တော်တွင် တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်မှာ အစိုးရခွင့်ပြုထားသည့် နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်ဘေးရှောင်များကို ကူညီရန်အတွက် ငွေကြေးနှင့်စေတနာရှိသည်၊ သို့သော် ကူညီရန်အတွက် အစိုးရထံ ခွင့်ပြုချက်တင်ရာတွင် အချိန်ကြန့်ကြာမှုများရှိနေသဖြင့် ကူညီမည့်သူများ အခက်အခဲရှိနေသည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ဒုက္ခသည်စခန်းမှာနေလို့ တစ်ရက်မှာ ဆန်ဖိုးသုံးရာလောက်ပေးလို့ သူတို့ရဲ့ပြဿနာကို မပြေလည်နိုင်ပါဘူး။ အစိုးရအနေနဲ့ အခက်အခဲရှိတယ်ဆိုတာကို ကျနော်တို့သိတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ကျပ်သုံးရာထက်ပိုပြီးတော့ ငါးရာပေးပါ၊ တစ်နေ့ကို တစ်ထောင်ပေးပါလို့ မပြောလိုဘူး။ အဓိက ပြောချင်တာက ဒုက္ခသည်တွေကို စေတနာနဲ့ကူညီပေးချင်တဲ့သူတွေရှိတယ်။ ဒီလူတွေရဲ့ အလှူတွေဒုက္ခသည်တွေဆီ အချိန်နဲ့တပြေးညီ ချောချောမောမောရောက်ဖို့အတွက် အစိုးရကူညီစေချင်တယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များသည် မိမိပိုင်ဆိုင်သည့် လယ်ယာအိုးအိမ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်သည်။ စစ်ဘေးရှောင်များထဲတွင် ဒဏ်ရာရရှိသူများ၊ သားသမီး သေဆုံးသွားသူများလည်း ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်မှ မပြည့်စုံသူများဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

“ဒုက္ခသည်တွေကို အဆင်ပြေချောမွေ့အောင်အထိ အဓိကဆောင်ရွက်ပေးရမယ့်သူဟာ နိုင်ငံတော်ကို စီမံအုပ်ချုပ်တဲ့အစိုးရဖြစ်ပါတယ်။ ဒါကို ဘယ်သူမှငြင်းလို့မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါဝင်ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ဦးစံကျော်လှက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့စဉ်ကပင် WFP နှင့် ICRC ကလွဲပြီး တခြားနိုင်ငံတကာ INGO/NGO အဖွဲ့အစည်းများကို လုံခြုံရေးအကြောင်းပြပြီး ထောက်ပံ့ခွင့်ပိတ်ပင်ထားသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁၀၆၀၀၀)ကျော်အထိ ရှိလာပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခက်အခဲများဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...