ရခိုင်စစ်ဘေးရှောင်စခန်းအချို့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ

ရခိုင်စစ်ဘေးရှောင်စခန်းအချို့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ

မင်းထွန်း — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် ရေကိုချွေတာသုံးစွဲနေရသည်ဟု စစ်ဘေးရှောင်စခန်းများက သိရသည်။

စစ်ဘေးရှောင်(၅၀၀)ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေပြီး ခမ်းခြောက်စပြုနေသည့် ရေကန်မှ နောက်ကျိနေသည့်ရေများကို ခွဲတမ်းဖြင့် အသုံးပြုနေရသည်ဟု စစ်ဘေးရှောင် ဒေါ်အေးမခိုင်က DMG သို့ပြောသည်။

“အခုက ရေကိုချွေတာသုံးတော့ အိမ်သာတက်ရင် ယင်လုံအိမ်သာမသုံးဖြစ်တော့ဘူး။ ဒါတွေကြောင့် ကလေးတွေ ဝမ်းပျက်တာတွေဘာတွေရှိတယ်။ ဒီမှာက ဆရာဝန်တွေလည်းမရှိတော့ တော်တော်အခက်အခဲဖြစ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ခွေးသေစစ်ဘေးရှောင်စခန်းနှင့် ဖားကြွယ်စစ်ဘေးရှောင်စခန်းများတွင်လည်း သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်စာရင်းများ ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“ရွာတစ်ရွာမှာ လူသုံးရာဆိုရင် သုံးရာစာလောက်ရှိတဲ့ ရေကန်တွေပဲရှိကြတာပေါ့နော်။ ဒါပေမဲ့ အခြားကစစ်ဘေးရှောင်တွေ ရောက်လာကြတဲ့အခါကျတော့ သောက်သုံးရမယ့်ရေတွေက တစ်လနဲ့ပြတ်ကုန်တာမျိုးပေါ့” ဟု ၎င်းကရှင်းပြသည်။

အလားတူ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး စသည့်မြို့နယ်များက စစ်ဘေးရှောင်စခန်းများတွင်လည်း ရေရှားမှုပြဿနာနှင့် ရင်ဆိုင်နေရသဖြင့် ပြည်နယ်အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရေအကူအညီများ ပေးစေလိုသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်တ တစ်သိန်းခြောက်ထောင်ကျော်ထိ ရှိလာနေပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...