ရခိုင်မြို့နယ်(၃)ခုတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ရခိုင်မြို့နယ်(၃)ခုတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ
စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်သော အခမ်းအနားတစ်ခုတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - တိုးမြတ်)
စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်သော အခမ်းအနားတစ်ခုတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - တိုးမြတ်)

ဝင်းညွှန့်  — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာနှင့် ကွမ်းတောင်ကျေးရွာကြားတွင် တပ်မတော် တပ်မ(၂၂)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးပစ်ကူ၊ ရဟတ်ယာဉ်ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု AA ဘက်က ပြောသည်။

“မြန်မာစစ်တပ်ဘက်က ဒီရက်ပိုင်းအတွင်းမှာ မြေလှန်စနစ်နဲ့ ကျင့်သုံးလာတာတွေ တွေ့ရတယ်။ အထူးသဖြင့်တော့ သူတို့  ကြည်း ၊ရေ၊လေ ပေါင်းပြီးတော့ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တာ။ နောက်ပြီးတော့ လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းစစ်ကူတွေကို အဓိကထားပြီး စစ်တိုက်နေတာတွေ့ရတယ်”ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကဆိုသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် စိုင်းဒင်ချောင်း၏ အရှေ့ဘက် ကွမ်းတောင်ကျေးရွာအနီးတိုက်ပွဲတွင် AA အင်အားများပြားသောကြောင့် တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် AA ဘက်က ထိခိုက်မှုများရှိပြီး အလောင်း၊ လက်နက် အချို့သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် AA ခေါင်းဆောင်အချို့ပါဝင်သည်ဟု ယူဆရသော အဖွဲ့များသည် စိုင်းဒင်ချောင်းကို လှေဖြင့် ဖြတ်ကူးထွက်ပြေးသည်ကို မြင်တွေ့ရသဖြင့် တိုက်ခိုက်ခဲ့ရာ လှေပျက်စီးနစ်မြုပ်သွားခဲ့သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု ရှိ၊မရှိကို ဖော်ပြထားခြင်းမရှိပေ။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “မနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတစ်လျှောက်မှာတော့ တစ်ချို့နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်တဲ့အတွက် နှစ်ဘက်ကျဆုံးမှုတွေတော့ရှိတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေများသလို ကျနော်တို့ဘက်ကလည်း အထိအခိုက်အကျအဆုံးတွေရှိတယ်”ဟု ပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး တပ်မတော်၏လက်နက်ကြီး ပစ်ကူပေးနေသော အမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ နှစ်ဖက်အပြန်အလှန်ထိုးစစ်ဆင်တိုက်ခဲ့သည်။ ယင်းနေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့ကပင် တိုက်ပွဲဖြစ် ပွားနေခြင်းဟု AA ထံက သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးတွင်လည်း တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ် (၂)စီးဖြင့် ရော့ကတ်များ၊ စက်သေနတ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)ထံက သိရသည်

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကာ စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...