စစ်ပွဲအကျိုးဆက်ကြောင့် ကျောက်တော်မြို့နယ်တွင် တစ်ရက်အတွင်း (၂) ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ

စစ်ပွဲအကျိုးဆက်ကြောင့် ကျောက်တော်မြို့နယ်တွင် တစ်ရက်အတွင်း (၂) ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ

ကျော်သူဌေး ၊ အောင်ထိန် — တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ကျောက်တော်မြို့နယ်အတွင်း စစ်၏အကျိုးဆက်ကြောင့် တစ်ရက်တည်းတွင် လူ(၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၊ နံနက်ပိုင်းက ကျောက်တော်မြို့နယ်၊ ဂါပုကျေးရွာတွင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတစ်ခုကို ကလေးများ ထုခွဲကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အသက် (၉)နှစ်အရွယ်ကလေးတစ်ဦး သေဆုံးသွားပြီး ကလေး(၅)ဦး ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောသည်။

“စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတစ်ခုကို ကလေးတွေက ကောက်လို့ယူလာပါတယ်။ ကလေးတွေက ဆော့ကစားပြီးထုပါတယ်။ ထုတဲ့အခါ ပေါက်ကွဲသွားတာပါ” ဟု ၎င်းကဆိုသည်။

သေဆုံးသူမှာ မောင်ခိုင်ကျော်လင်း ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မောင်ဟိန်းထိုက် အသက် (၃) နှစ်၊ မနေယဉ်စိုး (၇)နှစ်၊ မနေယဉ်မိုး (၉)နှစ်၊ မနှင်းအေး(၆)နှစ်၊ မမဲမနု (၁၂)နှစ်တို့ဖြစ်သည်။

အလားတူ မျောက်တောင်ကျေးရွာတွင်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က လက်နက်ကြီး ကျည်စထိမှန်၍ အသက် (၂၅)နှစ်အရွယ် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

“လက်နက်ကြီးပစ်တဲ့အခါ အိမ်တိုင်မှာ ကျပါတယ်။ တိုင်က ကျိုးသွားပြီးတော့ တွင်းမှာဝင်နေတာကို လက်နက်ကြီးကျည်စ လာကျတာပါ။ လည်မှာ ဒဏ်ရရှိသွားပါတယ်” ဟု ခင်ပွန်းဖြစ်သူ မောင်မောင်သန်းက DMG ကိုပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် (၄)နာရီခန့်က တောင်ဘွေကျေးရွာတွင် ကျည်ဆံထိမှန်၍ မွတ်ဆလင်ကလေး(၃)ဦး ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသူများမှာ မောင်ရာဟင်နာဒိန်(၁၃)နှစ်၊ မဟော်ဟွန်မာ (၁၀) နှစ်၊ မနီရာယာ (၄)နှစ်တို့ဖြစ်သည်။ ယင်းအနက် မောင်ရာဟင်နာဒိန်မှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့် ဆေးရုံသို့ပို့ဆောင်ရန်ပြင်စဉ် ညနေပိုင်းတွင် သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

မျောက်တောင်ရွာနှင့် တောင်ဘွေကျေးရွာမှ ဒေသခံများဒဏ်ရာရရှိသွားခြင်းမှာ တပ်မတော်ရေယာဉ်(နေဗီ)မှ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု မိသားစုဝင်များနှင့် ဒေသခံများကပြောဆိုကြသည်။ ထိုသို့ပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိသောကြောင့် တပ်မတော်၏ တုန့်ပြန်ချက်ကို တင်ပြနိုင်ခြင်းမရှိပေ။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...