Salai C.Lian - မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (အေအေ) နှစ်ဖက် တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နယ်မြေ မအေးချမ်းသဖြင့် ကျောင်းဆရာ/မ ၂၀၀ ကျော် ပြည်မနှင့် ပြည်နယ်သို့ ပြောင်းရွှေ့လွှာ တင်ကြကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “သူတို့ကလည်း နယ်မြေ မအေးချမ်းတဲ့ခါကျတော့ ခုလို ပြောင်းရွှေ့ဖို့ တင်ကြတာ ဖြစ်တယ်၊ ဝေးလံခေါင်သီတဲ့ နေရာတွေမှာဆိုရင် ၁ နှစ်၊ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးရင် ပြောင်းရွှေ့ဖို့ လျှောက်လို့ ရတယ်၊ အခု ပလက်ဝမြို့နယ်မှာဆိုရင် ဆရာ/မ လိုအပ်ချက်လည်း အများကြီး လိုသေးတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် ကျောင်း ဆရာ/မ လုံလောက်မှုမရှိသည့်အပြင် နယ်မြေအေးချမ်းမှုမရှိခြင်းကြောင့် ပြီးခဲ့သည့် နှစ် ကျောင်းဖွင့်ချိန်များတွင်လည်း ကျောင်းမဖွင့်နိုင်သည့် ကျောင်းပေါင်း ၂၀၀ ကျော်ရှိခဲ့သည်။
ဝန်ကြီးဦးစိုးထက်က “ဒီကိစ္စကို ကျွန်တော်တို့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုကို မကြာမကြာ တင်ထားတာတွေ လုပ်တယ်၊ အခုလိုဟာသွားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းဖွင့်တဲ့ချိန် ကျောင်း ၂၀၀ ကျော်ကဖွင့်လို့မရဘဲ ဖြစ်နေတယ်၊ ပြည်ထောင်စုခွင့်ပြုချက်နဲ့ လုပ်အားပေး ဆရာ/မ ၃၆၀ ကိုခန့်လိုက်တယ်၊ ဒါပေမဲ့ သူတို့နေတဲ့ နေရာ မအေးချမ်းလို့ဆိုပြီး သင်ပေးတဲ့သူတွေက မနေရဲဘူး ဖြစ်နေတယ်” ဟုပြောသည်။
နယ်မြေမအေးချမ်းခြင်းကြောင့် အချို့ကျောင်းဆရာမများသည် ကျောင်းဖွင့်ချိန်ရောက်သော်လည်း တာဝန်ကျသည့် နေရာသို့ ပြန်မသွားတော့သည့် ဆရာ/မများရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် တာဝန်ကျနေသည့် အမည်မဖော်လိုသူ မူလတန်းပြ ကျောင်းဆရာမတစ်ဦးက “ကျောင်းဖွင့်ချိန်တော့ ရောက်နေပြီဖြစ်ပေမယ့် တာဝန်ကျတဲ့နေရာကို ပြန်မသွားရဲတော့ဘူး၊ ခုလိုနှစ်ဖက် တိုက်ပွဲတွေဖြစ်နေတော့ မနေရဲဘူး၊ အလုပ်ကနေမထွက်ပေမယ့် အိမ်မှာပဲ ဒီတိုင်းနေတော့တယ်” ဟု ပြောသည်။
ဝန်ကြီး ဦးစိုးထက်က “နယ်မြေမအေးချမ်းလို့ဆိုပြီး ၂၀၁၉ ဒီဇင်ဘာထိ ပြောင်းရွှေ့ဖို့ ၂၆၇ ဦးက တင်တယ်၊ အဲထဲမှာ ပြည်မကို ပြောင်းချင်တဲ့သူက ၆၇ ဦး ရှိတယ်၊ ကျန်တာကတော့ နယ်မြေအေးချမ်းတဲ့ ပြည်နယ်အတွင်းကိုပဲ တင်ကြတယ်၊ အဲဒါကတော့ အခြေခံပညာကို ရောက်သွားပြီ၊ အခြေခံပညာကို ကျွန်တော်တို့ ညိှနိုင်းထားတာက ပလက်ဝမှာ ဆရာ/မ လိုအပ်ချက်က ၃၀၀၀ ကျော်လိုသေးတယ်၊ ခန့်ထားတာက ၁၂၈၀ ပဲရှိသေးတယ်၊ ဆိုတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိသေးတော့ ပြောင်းရွှေ့တဲ့သူတွေကို အစားထိုးပေးဖို့ ပြည်ထောင်စုကို ညှိထားတယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ လုံခြုံရေးအတွက် တင်သင့်သလောက်တော့ တင်နေတယ်၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဖက်က လိုအပ်တဲ့ဟာတွေကို အကုန်လုံးလုပ်ပေးမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံမှုမရှိသောကြောင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်လည်း ကျောင်း ဆရာ၊ ဆရာမ ၂၅၀ ဦးကို ပြောင်းရွှေ့ခွင့် ပေးခဲ့ကြောင်း သိရသည်။







