နှင်းနွယ် - အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)ဖြင့် တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကို ဖေဖော်ဝါရီလ (၄)ရက်နေ့က စွဲချက်မတင်မီ လွတ်ပေးရန် ကျောက်ဖြူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။
တပ်တောင်မြို့မှ အသက် (၄၇)အရွယ် ဦးမောင်တင်ရီမှာ ပြစ်မှုမထင်ရှားသည့်အတွက် လွှတ်ပေးခြင်းဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင် က ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် ဦးမောင်တင်ရီက “ခုလို လွတ်မြောက်လာတဲ့အတွက် ကျနော့်အနေနဲ့ အတိုင်းမသိအောင် ဝမ်းသာပါတယ်။ ဖမ်းဆီးခံထားရတုန်းကတော့ မဟုတ်မမှန် ဖမ်းဆီးထားတဲ့အတွက် အမျိုးသားရေး ကိစ္စ၊ လူမှုရေးကိစ္စတွေကို အကူအညီပေးနေသူတစ်ဦးအနေနဲ့ ကြားမှာအဆက်ပြတ်သွားတဲ့အတွက် ယူကျုံးမရဖြစ်ရပါတယ်” ဟု ပြောသည်။
၎င်းကို အမ်းမြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင်လ (၃)ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သြဂုတ်လလယ်တွင် အမ်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလှိုင်က မိမိကို ခြိမ်းခြောက်စာပေးပို့သည်ဟု ဆိုကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။







